0

ပူလိုက်တာကွာ နံပြားဖိုထဲဝင်နေရသလိုပဲ'

'မိုးကလည်းမရွာဘူးကွာ'

'မီးကလည်းမလာဘူးကွာ' ခုတလော ကျွန်တော်တို့ မန်းလေးမြို့ ဘယ်နေရာသွားသွားကြားနေရတဲ့ ညည်းညူသံတွေပါ။ အင်တာနက်သုံးတော့လည်း ဒီအသံတွေပဲ မြင်တွေ့ ကြားနေရပါတယ်။

တစ်မြို့လုံးလည်း မိုးရွာဖို့အတွက် ဆွဲလိုက်ရတဲ့လွန်ကလည်း နေ့စဉ်နဲ့အမျှပါပဲ။ ရွတ်လိုက်ရတဲ့ ပဌာန်းကလည်း ရပ်ကွက်အနှံပါပဲ။ ဒါပေမယ့်လည်း ကိုရွှေမိုးက ယောင်လို့တောင် အရိပ်ယောင်မပြပါရှာဘူး။ ကျွန်တော်တို့ မန်းလေးမြို့တင် ဒီလိုဖြစ်နေတာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးနီးပါးကို ဒီဒဏ်တွေကိုခံနေရတာပါ။ ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသကလူတွေက အပူဒဏ်ကို ပိုခံစားနေရပါတယ်။ စစ်ကိုင်းတိုင်းဒေသမှာရှိတဲ့ ကျောင်းများဆို နေ့တစ်ဝက်သာ
ကျောင်းတက်ရန် တိုင်းဒေသကြီးအစိုးရညွှန်ကြားချက်ထုတ်ယူရတဲ့အထိ အပူချိန်က ဆိုးဆိုးဝါးဝါးပူနေပါတယ်။

ကျွန်တော်တို့မန်းလေးမြို့ဆိုတာက အပူပိုင်းဒေသထဲမှာ ပါတော့ နွေရာသီပူတယ်ဆိုတာ အရင်ကတော့ အဆန်းမဟုတ်ခဲ့ပါဘူး။ ပူတယ်ဆိုပေမယ့်လည်း နည်းနည်းပူလာလိုက် မိုးကရွာလိုက်ဆိုတော့ နေလို့ထိုင်လို့ရသေးတာပေါ့ဗျာ။ အခုနောက်ပိုင်း မန်းလေးမြို့ရဲ့ နွေရာသီ အပူချိန်ဟာ တစ်နှစ်ထက်တနှစ် သိသိသာသာ မြင့်တက်လာပြီး မိုးကလည်းလုံးဝမရွာဖြစ်နေပါတယ်။ ဒါတောင် အယ်နီညို ဖြစ်တဲ့နှစ်မဟုတ်လို့ပါ။ အယ်နီညိုမဖြစ်တာတောင် ဒီလောက်ပူနေရင် ဖြစ်တဲ့နှစ်ကြရင် လူတွေဘယ်လောက် ဒုက္ခရောက်လိုက်မလဲလို့ မတွေးရဲအောင်တောင်ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က အယ်နီညိုရာသီဥတုဖြစ်ခဲ့လို့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသကလူတွေ သေလိုက်ကြတာ သောက်သောက်လဲပါပဲ။

ကျွနတော်တို့ငယ်ငယ်က မန်းလေးမြို့ဆိုတာက အရိပ်ရ သစ်ပင် ပန်းမန်တွေအလွန်ပေါများပြီး ဥယျဉ်မြို့တော်လို့တောင်တင်စားလို့ရပါတယ်။ မန်လေးသားတွေဆိုတာကလည်း ခြံဝန်း အကျယ်ကြီးတွေနဲ့နေတက်ကြတာပါ။ ခြံထဲမှာဆိုရင် ရေကန်တွေ သီးပင်စားပင်တွေ အရိပ်ရသစ်ပင်တွေနဲ့ တကယ့်ကို အေးချမ်းပျော်ရွှင်စရာ နေထိုင်ချင်စရာမြို့ တော်ကြီး။ အခုတော့ ဒီလိုခြံဝန်းတွေနဲ့နေထိုင်တာ သိပ်ရှားသွားပါပြီ။ မြေဈေးတွေ ကောင်းလာတော့ ခြံအကျယ်ကြီးတွေကလည်း အပိုင်းပိုင်းရောင်းစားပစ်လို့ ကုန်သလောက်ပါပဲ။

၁၉၉၀ နောက်ပိုင်း မြို့အုပ်ချုပ်တဲ့ အာဏာပိုင်များက မန်းလေးမြို့ခေတ်မှီမြို့တော် ဖြစ်ရေးဆိုပြီး လုပ်လိုက်ကြတာ ခြောက်သွေ့တဲ့ ကွန်ကရစ်မြို့တော်ကြီးဖြစ်သွားတာပါပဲ။ အရင်ကနည်းနည်းပူရင် အောင်ပင်လယ်ဘက်နား ထွက်ပြီးနေလိုက်တာနဲ့အေးသွားတာ။ အခုတော့အောင်ပင်လယ်ဘက်က သစ်တော သစ်ပင်တွေကလည်းခုတ်လိုက်လို့ကုန်ပါပြီ။ မန်းလေးနဲ့ အနီးဆုံး တောင်ပေါ်အပမ်းဖြေစခန်းဖြစ်တဲ့ ပြင်ဦးလွင်မြို့တောင် ပူနေပါပြီဆိုမှာတော့ မန်းလေးပူတယ်ဆိုတာ မဆန်းတော့ပါဘူး။ စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံအလယ်ပိုင်း ကိုးခရိုစိမ်းလန်းစိုပြေရေဆိုပြီး စီမံကိန်းချလုပ်ဆောင်ခဲ့ပေမယ့် သစ်ပင်တွေပြောင်သွားတာပဲတွေ့ရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသရဲ့ အိုအေစစ်လို့တင်စားရတဲ့ ပုပ္ပားတောင်ဒေသမှာလည်း ခရိုနီတွေက မြေတွေသိမ်းကာ လက်ဖတ်စိုက်ပျိုးရေးအတွက်ဆိုပြီး သစ်တောတွေခုတ်လိုက်ကြတာ ပုပ္ပားဒေသမှာလည်း အခုအရမ်းပူနေပါပြီတဲ့။

နယ်ကတောင်သူတွေခမျာမှာလည်း မိုးမရွာလို့စိုက်ထားတဲ့ အပင်တွေ ပျက်စီးကုန်ကြောင်းကြားနေရတာ တကယ့်ကို စိတ်မချမ်းမြေ့ဖွယ်ရာတွေပါပဲ။ မြန်မာနိုင်ငံရဲ့ ၇၅ ရာခိုင်နှုန်းသော တောင်သူလယ်သမားတွေဟာ ရာသီဥတုဖောက်ပြန်လို့ နလံမထူနိုင်တာ နှစ်ပေါင်းမနည်းတော့ပါဘူး။ မိုးက လိုတဲ့အချိန်မရွာ မလိုတဲ့အချိန်ကြတော့ဖျက်မိုးအဖြစ်ရွာ တောင်သူတွေခမျာမှာတော့ လူမွေးမပြောင်တာကြာနေပါပြီ။နောက်အဆိုးဝါးဆုံးအချက်က မိုးနည်းရေရှားတဲ့ အရပ်ဒေသတွေမှာ သောက်သုံးရေကန်တွေခြောက်ခန်းပြီး သောက်ဖို့ရေအတွက်တောင် ဒုက္ခရောက်နေကြရပါတယ်။ နွေကြတော့အရမ်းပူ ၊မိုးကြတော့ ရေဘေးဒုက္ခတွေ့ကြုံရအောင်ရွာ၊ ဆောင်းတွင်းကြတော့ ဇီးရိုးအမှတ်ရောက်အောင်အေး တကယ့်ကို အစွန်းရောက်တဲ့ ရာသီဥတုကိုတွေ့ကြုံခံစားနေရပါပြီ။

ဒီနေ့အချိန်ခါမှာဆိုရင် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ရာသီဥတုဖောက်ပြန်တဲ့ ပြဿနာကို နိုင်ငံတိုင်းက ပတ်ဝန်းကျင်ထိမ်းသိန်းရေးအတွက် အလေးထားလုပ်ဆောင်လာကြပါပြီ။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံကတော့ သစ်တောတွေခုထိ ခုတ်လို့ကောင်းဆဲ၊ မြစ်ချောင်းတွေကို ဖျက်ဆီးလို့ကောင်းဆဲဖြစ်ပါတယ်။ အရင်တုန်းက ကမ္ဘာပေါ်မှာ သစ်တောအပေါများဆုံးနိုင်ငံတစ်ခုက စစ်အစိုးရအုပ်ချုပ်တဲ့နောက်ပိုင်း အသိဥာဏ်မဲ့စွာ မဆင်မချင်ခုတ်မှုများကြောင့် ပြောင်သလင်းခါသွားပါတယ်။ အခုအစိုးရသစ်လက်ထက်မှာ ပိုလို့တောင်ဆိုးသွားပါသေးတယ်။ အာဏာရှင်နဲ့ အပေါင်းပါခရိုနီတွေက အတားအဆီးအထိန်းအကွပ်မရှိခုတ်ကြ အိမ်နီးချင်းနိုင်ငံတွေက သစ်ခိုးခုတ်ကြနဲ့ သစ်တောပြုန်းတီးမှု အမြန်ဆုံးနိုင်ငံစာရင်းတောင်ဝင်သွားပါတယ်။

၁၉၇၀ မှာ သစ်တောဧရိယာဟာ ၆၁ ရာခိုင်နှုန်း၊ ၁၉၈၉ မှာ ၅၉ ရာခိုင်နှုန်းနဲ့ ၂၀၀၈ ခုနှစ်မှာ မကြာသေးခင်က ထွက်လာတဲ့ စစ်တမ်းတစ်ခုအရ သစ်တော ဖုံးလွှမ်း ဧရိယာဟာ ၂၄ ရာခိုင်နှုန်းပဲရှိတော့တယ်ဆိုတော့ အလွန်ကိုထိတ်လန့်စရာကောင်းတဲ့ နှုန်းနဲ့ ပျက်စီး သွားတာဟာ ပေါ်လွင်နေပါတယ်။ အဲ့ဒီရဲ့ အကျိုးဆက်တွေက ၂၀၀၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ပြည်သူ သိန်းနဲချီပြီးသေးဆုံးခဲ့ရပြီး လူသန်းပေါင်းများစွာဟာလည်း အခုချိန်ထိ နလံမထူနိုင်သေးပါဘူး။

ဒါတွေကို မျက်ကွယ်ပြုပြီး အခုချိန်ထိ ခုတ်လို့မ၀သေးပါဘူး။ လက်နက်ကိုအဖွဲ့အစည်းများနဲ့ ပေါက်ဖော်တွေကလည်း ခိုးထုတ်လို့ကောင်းဆဲ။ မြစ်ချောင်းတွေကိုလည်း အပိုင်းပိုင်းဖြတ် ရောင်းစားနေဆဲပါ။ သံလွင်မြစ်ကို တောင်တူးမြောင်းဖောက်ပြီး ထိုင်းကိုရေရောင်းလောက်အောင်အထိ အသိဥာဏ်ကင်းမဲ့စွာ လုပ်ဆောင်နေကြတာဟာ အင်မတန်ဆိုးဝါးလွန်းလှပါတယ်။ တိုင်းပြည်က ထွက်တဲ့ ဂတ်ကိုလည်းရောင်းစားတယ်၊ မြစ်တွေပေါ်မှာ ဆည်တွေဆောက် ထွက်လာတဲ့လျပ်စစ်ကြတော့လည်း ပြည်ပကိုရောင်းစားတယ် အခုဆိုရင် မြစ်ရေကိုတောင်တူးမြောင်းဖောက်ပြီး ရောင်းစားကုန်ကြပါပြီ။ နောက်ဆိုရင် လေတောင် ရောင်းစားမလားမသိဘူး။

ပြည်သူတွေခမျာမှာတော့ သူတို့လုပ်ရပ်တွေရဲ့ ဆိုးမွေတွေကို ခါးဆီးခံနေရပါတယ်။ ရာသီဥတုကပူ၊ မိုးကမရွာ၊ မီးကမလာ၊ စိုက်ပျိုးတဲ့ သီးနှံတွေကပျက်စီး၊ သောက်ဖို့ရေတောင်မရှိ ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးအန္တရာယ်ကိုကြ အလူးအလဲ ခံစားရ အော် မြန်မာပြည်မှာ လူဖြစ်ရတဲ့ ဒုက္ခ တော်တော်ကြီးမားပါလားလို့ တွေးမိတယ်ဗျာ။

ဒီလို ပြည်သူတွေတွေ့ကြုံနေရတဲ့ ဒုက္ခတွေကို မသိကျိုးကျွံပြု အုပ်ချုပ်သူအစိုးရနဲ့ လက်တစ်ဆုပ်စာ လူတန်းစားကတော့ ဒီနေ့ထိ သစ်တောတွေအပြောင်ရှင်း တောင်တွေကိုဖြို၊ မြစ်တွေကို အပိုင်းပိုင်းဖြတ်ရောင်းစား ထွက်သမျှသဘာဝသံယံဇာတ နိုင်ငံခြားရောင်းစားလုပ်နေကြတာဟာ လူသားမဆန်တဲ့ စိတ်ဓာတ်တွေလို့ပဲ ပြောချင်ပါတယ်။ အိမ်နည်းချင်းနိုင်ငံတွေကတော့ ကိုယ့်နိုင်ငံက သဘာဝသံယံဇာတတွေနဲ့ ဖွံ့ဖြိုးတိုးတက်ပြီး ကြီးပွားချမ်းသာနေကြတယ်။ သဘာဝသယံဇာတပိုင်ရှင် မြန်မာတွေကတော့ သူတို့ဆီသွားပြီး ကျွန်ခံနေကြရတယ်။ သူတို့တွေရဲ့ ဂုတ်သွေး စုပ်ချင်တိုင်းစုပ်ပြီး အနိုင်ကျင့်ချင်တိုင်း ကျင့်တာခံရတယ်။ ရင်နာစရာ ကောင်းလိုက်တာဗျာ။ တွေးမိလေတိုင်း မျက်ရည်ဝိုင်းရပါတယ်။

မြန်မာနိုင်ငံကြီးကို ဘယ်လိုခေတ်မှီဖွံဖြိုးတိုးတက်အောင်လုပ်မယ် ဘယ်နိုင်ငံထက်သာအောင်လုပ်မယ်ဆိုပြီး မစားရ၀ခမန်းပြောနေမယ့်အစား တိုင်းပြည်လျပ်စစ်မီးလေးလုံလောက်အောင် အရင်လုပ်ကြပါအုံး။ ပြည်သူတွေမှာတော့ ဖြတ်သွားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကြီးတွေကြည့်ပြီး အမှောင်ထဲမှာ ခံစားနေရတဲ့ အဖြစ်ကို သနားကြပါအုံး။

အခုအခါမှာတော့ လူမှုအဖွဲ့အစည်းအသီးသီးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လုပ်ဆောင်လာတာတွေ့မြင်နေရပါတယ်။ ဒါပေမယ့်လည်း ပြည်သူလူထုက သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက် ဘယ်လောက်ပင်နိုးကြားမှုရှိရှိ အုပ်ချုပ်သူအစိုးရက လျစ်လျူရှုထားရင် အလကားပါပဲ။ ထိရောက်မှုရှိမှာမဟုတ်ပါဘူး။

ကျွန်တော်ကတော့ မိမိတဲကိုဖျက်ပြီး မီးလှုံတဲ့ အစိုးရမျိုးကိုမလိုချင်တော့ပါဘူး။ တိုင်းပြည်ရဲ့ သဘာဝသံယံဇာတတွေကို ချစ်မြတ်နိုးတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတက်တဲ့ ပြည်သူကို အလေးထားတန်ဖိုးထားတဲ့ အစိုးရပဲလိုချင်ပါတယ်။ နောက်ဆုံးအနေနဲ့ မြန်မာပြည်သူအပေါင်းကို ကျွန်တော်က ဆုပဲတောင်းပေးနိုင်တာမလို့ ဆုပဲတောင်းပေးလိုက်ပါတယ် . . .

ရွာဖို့သင့်ရာ ရပ်ဌာနမှာ ကောင်းစွာရွှေမိုးရွာပါစေ . . .

တိုင်းသားပြည်သူ လူအများကို တရားမင်းများစောင့်ပါစေ . . .

ချစ်ခြင်းအားဖြင့်

ကျော်ကြီး(MDY)

Aye Chan Mon Credit To: Tomorrow
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top