0


အလုံမြို့နယ်တွင် ယာဉ်နှစ်ထပ်ရပ်ထားသဖြင့် ဟွန်းတီးသည့် ယာဉ်မောင်းကို မကျေနပ်သဖြင့် လူတစ်စုက ယာဉ်နှစ်စီးဖြင့်လိုက်၍ သံတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ဇွန် ၂၇ ရက်တွင် သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းသိရှိရသည်။
လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် အငှားယာဉ်မောင်း အောင်ရဲကျော်(၂၅)နှစ်သည်  ဇွန် ၂၃ ရက် ည ၉ နာရီခွဲကျော်ခန့်တွင် ၎င်းမောင်းနှင်သည့်အငှားယာဉ်ဖြင့် ညီအစ်ကိုများဖြစ်သည့် မောင်ငယ်၊ မြင့်ရွှေနှင့် နိုင်ဝင်းထွန်းတို့အားခေါ်၍ ယာဉ်အား မောင်းနှင်စဉ် အလုံမြို့နယ် ကမ်းနားလမ်းနှင့် အလုံ မီးပွိုင့်အနီးအရောက်တွင် တစ်ဖက်ယာဉ်ကြောသို့ကွေ့ရန် ၎င်း၏ ယာဉ်ရှေ့တွင် ယာဉ်နှစ်ထပ်ရပ်ထားသဖြင့် ဟွန်းတီးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဟွန်းတီးသဖြင့် အဆိုပါမီးပွိုင့်အနီးရှိလူများမှ “ဒါ ဂိတ်ကွ ဘာဖြစ်လို့ ဟွန်းတီးတာလဲ” ဟု ပြောပြီး အမျိုးသားတစ်ဦးက အောင်ရဲကျော်၏မျက်နှာအား လက်သီးဖြင့် ထိုးခဲ့သဖြင့် အောင်ရဲကျော်မှာ ယာဉ်အား သခင်မြ ပန်းခြံဘက်သို့ မောင်းနှင်ထွက်ပြေးစဉ် ၎င်း၏ယာဉ်နောက်သို့  အငှားယာဉ်နှစ်စီး လိုက်လာခဲ့ကြောင်း သိရသည်။
ထို့နောက် လမ်းမတော်မြို့နယ် လမ်းမတော်(၁)လမ်းနှင့် ကမ်းနားလမ်း အရောက်တွင် အနောက်မှလိုက်လာသည့် ယာဉ်နှစ်စီးအနက် တစ်စီးမှ အောင်ရဲကျော် မောင်းနှင်သည့် ယာဉ်ရှေ့တွင် ပိတ်ရပ်ပြီး အခြားယာဉ်တစ်စီးပေါ်မှ အမျိုးသားငါးဦးမှ သံတုတ်များဖြင့် အောင်ရဲကျော်နှင့် အစ်ကိုဖြစ်သူ မြင့်ရွှေတို့အား ၀ိုင်းဝန်းရိုက်နှက်ခဲ့သည့်အပြင် အောင်ရဲကျော်ယာဉ်၏ နေကာမှန်နှင့် နောက်မီးလုံးတို့ကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းသို့ရိုက်နှက်ခံရသဖြင့် အောင်ရဲကျော်မှာ သွားသုံးချောင်းကျိုး၊ ဦးခေါင်းဝဲဘက် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး မြင့်ရွှေတွင် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ထို့သို့ ၀ိုင်းဝန်းရိုက်နှက်ခံရသည့် အောင်ရဲကျော်မှာ ဇွန် ၂၆ ရက်တွင် အလုံ မြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
“ယာဉ်နှစ်ထပ် ရပ်ထားတဲ့နားမှာ မီးပွိုင့်ရှိတယ်။ ပြီးတော့ ယာဉ်နှစ်ထပ် ဖြစ်နေတာက  အဲဒီနားမှာ တက္ကစီသမားတွေက စုပြီး ကားရပ်ထားကြတယ်။ အဲဒီတော့ တက္ကစီဂိတ်လို ဖြစ်နေတာပေါ့။ တုတ်နဲ့ရိုက်ခံရတဲ့ လူနှစ်ဦးကတော့ ဆေးရုံကနေဆင်းလာပါပြီ။ ကျူးလွန်တဲ့သူတွေကို ဖမ်းဆီးရမိဖို့တော့ အဲဒီနား ဂိတ်တွေမှာ လိုက်လံ စုံစမ်းနေပါတယ်။ အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်သွားမှာပါ”ဟု အလုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်အား အလုံမြို့မရဲစခန်းက (ပ)၁၈၅/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၂၅/၄၂၇/၄၀၃/၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။   
Writer: 
မင်းသိန်းနိုင်၊ သီဟ

Post a Comment

 
Top