0


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်ပနိုင်ငံများနှင့်တယ်လီဖုန်းနှင့်အင်တာနက်ချိတ်ဆက်အသုံးပြုနေသည့် ရေအောက်ကေဘယ်ဆက်ကြောင်းမှာ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့အကြား ချို့ယွင်းမှုဖြစ်ပေါ်နေသဖြင့် ဇွန်လ ၂၅ ရက်အထိ ဆက်သွယ်မှုပြတ်တောက်နိုင်ကြောင်း သတင်းရရှိသည်။

SEA-ME-WE-3 ရေ အောက်ကေဘယ်ဆက်ကြောင်း မှာ စင်ကာပူနှင့် မလေးရှားနိုင်ငံအကြားတွင် ချို့ယွင်းမှုဖြစ်ပေါ် နေခြင်းကြောင့် ကေဘယ်ပြုပြင်ရေးသင်္ဘောက သွားရောက် ပြုပြင်နေပြီး ခန့်မှန်းခြေအားဖြင့် ဇွန်လ ၂၅ ရက်အထိ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံတို့ ဆက်သွယ်မှုလိုင်းများခေတ္တပြတ်တောက်နေနိုင်သည်ဟု ဆိုသည်။

ဇွန်လ ၂၀ ရက် နံနက်ပိုင်းမှ စတင်ပြတ်တောက်မည်ဟု ကြေညာထားရာ အဆိုပါရက်ညပိုင်းမှ စတင်၍ မိုဘိုင်းအင်တာနက်ဖြင့် ဖုန်းခေါ်ဆိုခြင်းများ ပြတ်တောက်နေကြောင်း နိုင်ငံခြားသို့ မိုဘိုင်းဖုန်းခေါ်ဆိုအသုံးပြုသူများထံမှ သိရသည်။

‘‘မနေ့က ညကတော့ ခေါ် တာရတယ်။ ဒါပေမဲ့ ခဏပဲ ပြောရသေးတယ်။ လိုင်းတွေရော၊ ဖုန်းတိုင်တွေရော ပျောက်ပြီးကျသွားတာ။ ပြန်ခေါ်လို့မရတော့ဘူး။ ဒီနေ့တော့ ပြန်မခေါ်ကြည့်ရသေးဘူး’’ဟု မလေးရှားနိုင်ငံသို့ မိုဘိုင်းအင်တာနက်မှတဆင့်ဖုန်းခေါ်ဆိုသည့် ဒေါ်စန်းဝေကပြောသည်။

လက်ရှိတွင် အင်တာနက်ဆိုင်များ၌ နိုင်ငံခြားသို့ လာရောက်ဖုန်းခေါ်ဆိုမှု လျော့နည်းသွားပြီး မိုဘိုင်းအင်တာနက်မှသာ တစ်ဆင့်ခေါ်ဆိုမှုများပြားနေကြောင်း အင်တာနက်ဆိုင်များမှ စုံစမ်းသိရသည်။

‘‘ဒီရက်ပိုင်းလာခေါ်တာ နည်းတော့ လိုင်းကျ၊ မကျတောင်သိပ် မသိဘူး။ စင်ကာပူရော၊ မလေးရော တခြားနိုင်ငံတွေလည်း ဖုန်း လာပြောတာသိပ်မရှိကြတော့ဘူး။ အဲဒီတာ့ ကွန်နက်ရှင်ကျလားဆိုတာ သိပ်မသိတော့ဘူး’’ဟု ဗဟန်းမြို့နယ်ရှိ အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက်ဖိုက်ဘာဆက်ကြောင်းသုံးခု ရှိပြီး ထိုင်းနိုင်ငံနယ်စပ်ဖြတ်ကျော်တွင် တစ်ခု၊ တရုတ်နိုင်ငံဖြတ် ကျော်တစ်ခုနှင့်ပင်လယ်ရေအောက်ဖိုက်ဘာဆက်ကြောင်း လိုင်းများဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်း ရရှိသည်။

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top