ကထိန်အကြောင်းကို အခြားသောပညာရှင်များ ရေးသားကြပြီးဖြစ်လို့ အကျယ်ရေးစရာမလိုတော့ပါ။ ဒီမှာတော့ အချို့ ကထိန်ဒကာများက သင်္ကန်းလှူပြီးလျှင် ကထိန်ခင်းပြီးပြီလို့ ယူဆသူများရှိနေကြတာမို့ လူတွေအသိနည်းလှတဲ့ သံဃာတော်များကထိန်ခင်းပုံ အစီအစဉ်နှင့် မှတ်သားဖွယ် အချို့ကို စုစည်းတင်ပြလိုက်ပါတယ်။
"ကထိန(ကထိန်)၏ အဓိပ္ပါယ်"
ကထိန်၏ အကျိုးအာနိသင် ငါးပါးကို ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း၌ ထားနိုင်လောက်အောင် ခိုင်ခံ့ခြင်းကို ကထိန်ဟုခေါ်သည်။ (၀ိနည်းမဟာဝါ ဘာသာဋီကာ-၁၆၇)
ခင်းရာအချိန်ကာလအားဖြင့် ပြောင်းရွှေမရသောအားဖြင့် မြဲလို့ ကထိန်(သဒ္ဓမ္မရံသီဆရာတော်)
"ကထိန်သင်္ကန်းဟူသည်"
ကထိန်သင်္ကန်းဟူသည်မှာ အလွန်သန့်ရှင်းမြင့်မြတ်သော သင်္ကန်းဖြစ်ရမည်၊ မယ်တော်ကိုမျှ မတောင်းကောင်း၊ ကောင်းကင်မှ အလိုအလျောက် ကျလာသော မိုးပေါ်ကျ အ၀တ်ကဲ့သို့ မည်သူ့ကိုမျှ အရိပ်နိမိတ် ပရိယာယ်စကား ပြောကြား၍ ရအပ်သော သင်္ကန်းမျိုး မဖြစ်စေရ။ (၀ိနည်းမဟာဝါ ဘာသာဋီကာ-၁၉၀)
"သံဃာအရေအတွက်"
သိမ်အတွင်း၌ လေးပါးသံဃာက တစ်ပါးအား ဉတ်ကမ္မ၀ါစာဖြင့် သင်္ကန်းပေးရမည်ဖြစ်သောကြောင့် အနည်းဆုံး ငါးပါးရှိမှ ကထိန်ခင်းနိုင်၏၊ ငါးပါး၏ အထက်၌ကား တစ်သိန်းသော သံဃာများလည်း ခင်းနိုင်သည်။ (၀ိနည်းမဟာဝါ ဘာသာဋီကာ-၁၇၁)
"ကထိန်ဆိုတာ ပညတ်လား ပရမတ်လား"
၁။ ပုရိမဝဿံဝုဋ္ဌဟူသော ရဟန်းဟူသော ရုပ်နာမ်၏ ပေါင်းမိခြင်း။
၂။ ငါးပါးထက် မလျော့သော သံဃာဟူသော ရုပ်နာမ်၏ ပေါင်းမိခြင်း။
၃။ သင်္ကန်းကာလဟူသော ကာလပညတ်၏တိုက်ဆိုင်ခြင်း။
၎။ တရားသဖြင့်ဖြစ်သော သင်္ကန်းဟူသော ရုပ်ကလာပ်အပေါင်း၏ ဖြစ်ပေါ်လာခြင်း။
ဤသို့ အစရှိသော ရုပ်တရား နာမ်တရားတို့၏ အပေါင်းကို ကထိန်ဟုမှတ်ပါ။
( ကထိန်ဟုခေါ်ဝေါ်ရသော ပရမတ္ထတရားမရှိ၊ ရူပစသည်တို့၏ အပေါင်း၌ ခေါ်ဝေါ်အပ်သော နာမပညတ်သာ ရှိသည်-ဟူလို)
(ဆောင်) ပုရိမဝါ, နေပြီးပါသည့်, သံဃာရဟန်း, ငါးပါပြွမ်း၏၊
သင်္ကန်းကာလ, ခါသမယဝယ်, ဓမ္မစစ်စစ်, သင်္ကန်းဖြစ်ဟု,
တွက်စစ်လေးလီ, အင်္ဂါညီသား, နှစ်လီရုပ်နာမ်, အပေါင်းမှန်,
ခေါ်ရန်ကထိနတ်, မည်ပညတ်။ (ပရိဝါဘာသာဋီကာ-၂၁၃)
"ရဟန်းတို့ ရသော ကထိန်အကျိုးအာနိသင် ငါးမျိုး"
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ပြောဘဲ အိမ်တို့၌ လှည့်လည်နိုင်ခြင်း။ (စာရိတ္တသိက္ခာပုဒ်ဖြင့် အာပတ်မသင့်)
၂။ သုံးထည်သော သင်္ကန်းကို မယူဘဲ လှည့်လည်သွားလာနိုင်ခြင်း။ (ဥဒေါသိတသိက္ခာပုဒ်ဖြင့် အာပတ်မသင့်)
၃။ မအပ်သောနည်းဖြင့် ““ထမင်းစားကြွပါ””ဟု ပင့်သော်လည်း လေးပါးအတူ ခံယူ၍ စားနိုင်ခြင်း။ (ဂဏဘောဇနသိက္ခာပုဒ်ဖြင့် အာပတ်မသင့်)
၎။ အဓိဋ္ဌာန်မတင်, ၀ိကပ်္ပနာမပြုဘဲ သင်္ကန်းများကို အလိုရှိသလောက် ထားနိုင်ခြင်း။ (ကထိနသိက္ခာပုဒ်ဖြင့် အာပတ်မသင့်)
၅။ ကထိန်ခင်းရာ ကျောင်းတိုက်၌ သံဃိကသင်္ကန်း(အ၀တ်အထည်)ဟူသမျှသည် ကထိန်အာနိသင် ရထားသော ထိုကျောင်းတိုက်ရှိ ရဟန်းများ ဝေ၍ ယူနိုင်ခြင်း။ [ကထိန်အာနိသင် မရသူနှင့် အခြားကျောင်းတိုက်မှ လာသော အာဂန္တုကများသည် ကထိန်လအတွင်း၌ သံဃိကသင်္ကန်း(အ၀တ်အထည်)များကို ဝေငှ၍ မယူနိုင်ပါ။] (၀ိနည်းမဟာဝါ ဘာသာဋီကာ-၁၆၉)
ဆောင်= ၁။ မပန်မကြား, လိုရာသွား, ပြစ်များမရှိပြီ။
၂။ သုံးထည်ထဲမှာ, ထားလိုရာ, ထားကာသွားနိုင်သည်။
၃။ လေးပါးတူပင်, ဂိုဏ်းဘောဇဉ်, စားချင်စားနိုင်သည်။
၎။ သင်္ကန်းများစွာ, ငါးလမှာ, သိမ်းကာထားနိုင်သည်။
၅။ သံဃာလှူငြား, သင်္ကန်းများ, သူ့အားသာဖြစ်သည်။(မဟာစည်ဆရာတော်)
"ကထိန်အလှူရှင်တို့ ရသော အလားတူအကျိုးအာနိသင် ငါးမျိုး"
၁။ ကထိန်လှူရ, မြတ်ဖလ, မှတ်ကြပါလေ, ငါးမျိုးပေ။
၂။ မပန်မကြား, မခစား, လာသွားနိုင်ပေ, ရပ်ထွေထွေ။
၃။ ကိုယ်ပိုင်ဥစ္စာ, ထားလိုရာ, ထားပါလျက်ပေ, ရန်ကင်းပေ။
၎။ မိစ္ဆာအပင်း, ပြစ်မျိုးကင်း, သန့်ရှင်းစာရေ, ရန်ကင်းချေ။
၅။ ၀တ်စားဖုံဖုံ, လွန်ပြည့်စုံ, ကုံလုံကျက်သရေ, လက်လက်ဝေ။
၆။ သူနှင့်မဆိုင်, လွန်ကြံ့ခိုင်, စိုးပိုင်လှပေ, ပစ္စည်းတွေ။ (မဟာဂန္ဓာရုံ နာယကချုပ်ဆရာတော်၏ အထွေထွေမှတ်စု)
"ကထိန်ခင်းရမည့် ကာလ"
သီတင်းကျွတ် လပြည့်ကျော်(၁)ရက်မှ တန်ဆောင်မုန်းလပြည့်အထိ တစ်လ။
"ကထိန်အာနိသင်ရရာ ကာလ"
သီတင်းကျွတ် လပြည့်ကျော်(၁)ရက်မှ တပေါင်းလပြည့်အထိ ငါးလ။
"သံဃာက ကထိန်ကို ခင်းသလော? ပုဂ်္ဂိုလ်တစ်ပါးတည်းက ကထိန်ကို ခင်းသလော?"
သံဃာသည် ကထိန်ကို မခင်းနိုင်၊ နှစ်ပါးသုံးပါး ဂိုဏ်းသည် ကထိန်ကို မခင်းနိုင်၊ ပုဂ်္ဂိုလ်တစ်ပါးသည်သာ ကထိန်ကို ခင်းနိုင်၏၊ ဤသို့ သံဃာကိုယ်တိုင် ဂိုဏ်းကိုယ်တိုင် မခင်းနိုင်ပါသော်လည်း ““အတ်္ထတံ ဘနေ်္တ(အာဝုသော) ၊ပေ၊ အနုမောဒါမ””စသည်ဖြင့် အနုမောဒနာ ပြုခြင်းကြောင့် သံဃာလည်း ကထိန်ခင်းပြီး ဖြစ်၏၊ နှစ်ပါးသုံးပါး ဂိုဏ်းလည်း ကထိန်ခင်းပြီး ဖြစ်တော့၏။ (၀ိနည်းမဟာဝါ ဘာသာဋီကာ-၁၈၁)
"ဉတ်သင်္ကန်း(ဉတ်မကြီး)=ကထိန်သင်္ကန်း"
သိမ်ထဲ၌ သံဃာက ကထိန်ခင်းမည့် ရဟန်းအား ဉတ်ကမ္မ၀ါစာဖြင့် ဖတ်၍ ပေးအပ်သော နှစ်ထပ်သင်္ကန်းကြီး, ဧကသီ, သင်းပိုင်း ဤသုံးထည်တွင် တစ်ထည်ထည်တည်း၊ ကျန် မျက်နှာသုတ်ပ၀ါ, စောင်စသော အခြံအရံပစ္စည်းများကား ဉတ်ရံပစ္စည်းများတည်း။
"ကထိန်ခင်းပုံ အစီအစဉ်"
(ဆောင်) ခံ, ရွေး, ပေးနှင်း၊ စွန့်, ထိုးခြင်း၊ တင်, ခင်း, နုမောဒါ။
၁။ သင်္ကန်းအလှူခံမှု
၂။ သံဃာတော်တို့က ကထိန်ခင်းထိုက်သော ပုဂ္ဂိုလ်ရွေးချယ်မှု
၃။ သိမ်တွင်းသို့သွား၍ ထိုပုဂ္ဂိုလ်အား ကထိန်သင်္ကန်းကို ပေးမှု
၎။ တိစီဝရိတ်အဓိဋ္ဌာန်တင်ထားသော သင်္ကန်းဟောင်းကို ပစ္စုဒ္ဓိုရ်ပြု၍ စွန့်မှု
၅။ ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု
၆။ အမည်ဖြင့် အဓိဋ္ဌာန်တင်မှု
၇။ နှုတ်မြွက်၍ ခင်းမှု
၈။ အနုမောဒနာပြုမှု ဟူသော ပြုရန်ကိစ္စရှစ်ပါးကို အစဉ်အတိုင်းပြုလုပ်ကြရသည်။
အကျယ်ကား….
ခံ။ ။ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှ တန်ဆောင်မုန်းလပြည့်နေ့ အတွင်း သင်္ကန်းကာလ(ကထိန်ကာလ) တစ်လတွင် တစ်ရက်ရက်၌ သဒ္ဓါတရား ရှိသူတို့က ကထိန်လျာသင်္ကန်းကို ယူလာပြီးလျှင်-
ဣမံ ကထိနစီဝရံ သံဃဿ ဒေမ၊ ဣမိနာ ကထိနံ အတ္ထရထ။
““ဤကထိန်လျာသင်္ကန်းကို သံဃာတော်အပေါင်းအား လှူဒါန်းပါ၏၊ ဤကထိန် လျာသင်္ကန်းဖြင့် ကထိန်ခင်းတော်မူပါကုန်””ဟု ဆို၍ လှူလာကြအံ့၊ မိုးပေါ်ကျနှင့် တူသော အလွန်စင်ကြယ်သော ထိုသင်္ကန်းကို သံဃိကအဖြစ် အလှူခံအပ်၏။
ရွေး။ ။ကထိန်လျာသင်္ကန်းရပြီးလျှင် သံဃာတော်များသည် အလှူခံရာ ထိုနေ့မှာပင် ခင်းထိုက်(ကထိန်ခံ)သော ရဟန်းကို ရွေးချယ်ရ၏။ ရွေးချယ်ရာ၌ သင်္ကန်းနွမ်းပါးသော ရဟန်းကို ဦးစားပေး၍ ရွေးချယ်ရ၏။
ပေးနှင်း။ ။ရွေးချယ်ပြီးလျှင် သိမ်ထဲသို့ သွားကြ၍ ထိုရဟန်းအား ကထိန် လျာသင်္ကန်း(ကထိန်လျာအ၀တ်)ကို သံဃာတော်များက ဉတ်ကမ္မ၀ါစာဖြင့် ဖတ်၍ ပေးအပ်၏။
စွန့်။ ။ကထိန်သင်္ကန်းရသော ပုဂ်္ဂိုလ်သည် ကထိန်ခင်းတော့မည်ဆိုလျှင် လက်ရှိသင်္ကန်းအဟောင်းကို ““ပစ္စုဒ္ဓိုရ်ပြု”” စွန့်ရမည်။
မှတ်ချက်။ ။ဓုတင်ဆောင်ထားသူဖြစ်၍ အပိုမထားရသောကြောင့် လက်ရှိ သင်္ကန်းအဟောင်းကို စွန့်ရမည်။
ထိုးခြင်း။ ။ ခင်းမည့်သင်္ကန်း၏ ထောင့်တစ်နေရာတွင် ဥဒေါင်းမျက်ကွင်း ပမာဏမျှ ကပ်္ပဗိန္ဒု(အပြောက်ကလေး) ရေးထိုးရမည်။ (ခဲတန်, ဘောပင်, သစ်ရွက် စိမ်း တစ်ခုခုဖြင့် ရေးထိုးနိုင်သည်။)
တင်။ ။ပြီးလျှင် ထိုကထိန်ခင်းမည့် သင်္ကန်းအသစ်ကို အဓိဋ္ဌာန်တင်ရမည်။ နှစ်ထပ်သင်္ကန်းကြီးဖြစ်လျှင် ““ဣမံ သံဃာဋိံ အဓိဋ္ဌာမိ=ဤအ၀တ်ကို နှစ်ထပ် သင်္ကန်းကြီးဟူ၍ စိတ်၌မြဲစွာ ဆောက်တည်ပါ၏၊””
ဧကသီဖြစ်လျှင် ““ဣမံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ၊””
သင်းပိုင်ဖြစ်လျှင် ““ဣမံ အန္တရ၀ါသကံ အဓိဋ္ဌာမိ”” ဟု ဆို၍ တင်ရမည်။
ခင်း။ ။အဓိဋ္ဌာန်တင်ပြီးလျှင် ကထိန်ခင်းရ၏။ အကယ်၍ နှစ်ထပ်သင်္ကန်း ကြီးဖြင့် ခင်းလျှင် ““ဣမာယ သံဃာဋိယာ ကထိနံ အတ္ထရာမိ””ဟု သင်္ကန်းကို လက်ဖြင့်ကိုင်၍ ဆိုရမည်။ လေးစားဖွယ်ဖြစ်အောင် (၃)ခေါက် ဆိုရ၏။
ဧကသီဖြင့် ခင်းလိုပါက ““ဣမိနာ ဥတ္တရာသင်္ဂေန ကထိနံ အတ္ထရာမိ”” ဟု ဆို၍ ခင်းပါ။
သင်းပိုင်ဖြင့် ခင်းလိုသော် ““ဣမိနာ အန္တရ၀ါသကေန ကထိနံ အတ္ထရာမိ”” ဟု ဆို၍ ခင်းရမည်။
(ဤသို့ဆိုပြီးချိန်တွင် ပုဂ္ဂိုလ်မှာ ခင်းခြင်း မြောက်ပြီ၊ တိုက်တွင်းရှိ သံဃာများမှာ ခင်းခြင်း မမြောက်ကြသေး)
နုမောဒါ။ ။ ခင်းပြီးလျှင် သံဃာတော်တို့ကို အနုမောဒနာပြုကြစေရန် ““အတ္ထတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ်္မိကော ကထိနတ္ထာရော၊ အနုမောဒထ”” ဟု ၀မ်းမြောက်တော်မူကြဖို့ရန် ကထိန်ခင်းသော ရဟန်းက (၃)ကြိမ် တိုက်တွန်းရသေး၏။
သံဃာတော်များက လည်း ““အတ္ထတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ်္မိကော ကထိနတ္ထာရော၊ အနုမောဒါမ”” ဟု ၀မ်းမြောက်ကြောင်း ပြန်၍ အနုမောဒနာ (၃)ကြိမ် ပြုကြရ၏။
ထေရ်ကြီး, ထေရ်ငယ်အားလျော်စွာ ““ဘန္တေ၊ အာဝုသော”” ပုဒ်ကို ထိုက်သင့် သလို ပြောင်းလွဲ၍ ဆိုရမည်။
နိဿယ။ ။ဘန္တေ-အရှင်ဘုရားတို့၊ သံဃဿ-သည်၊ ကထိနံ-ကထိန်ကို၊ အတ္ထတံ-ခင်းအပ်ပါပြီ၊ ကထိနတ္ထာရော-ကထိန်ခင်းခြင်းသည်၊ ဓမ်္မိကော-တရားနှင့်လျော်ပါ၏၊ အနုမောဒထ-၀မ်းမြောက်တော်မူကြပါကုန်၏လော။ (အနုမောဒါမ-၀မ်းမြောက်တော်မူကြပါကုန်၏။)
ဤသို့ ခင်းသောရဟန်းက ၀မ်းမြောက်တော်မူကြဖို့ရန် တိုက်တွန်း၍ သံဃာ တော်များကလည်း ၀မ်းမြောက်တော်မူကြကြောင်း ပြန်လည်ပြောဆိုမှ နှစ်ဘက်လုံး ကထိန်းခင်းရာ ရောက်သွားသည်။ ဤသို့ ပြုလုပ်လိုက်မှ ကထိန်ခင်းခြင်းကိစ္စ အားလုံး ပြီးစီးသွားတော့သည်။
သံဃာတို့မှ ပုရိမဝါ(ပထမဝါ)ဆို၍ ချောမောစွာ ကျွတ်ခဲ့သော ရဟန်းမှသာ ပါဝင်ခွင့်ရသည်၊ အနုမောဒနာပြုသူတို့မှာ ကထိန်ခင်းခြင်းမြောက်၍ ကထိန်အာနိသင်ငါးပါးကို ရထိုက်ကြလေသည်။
တင်ပြသူ ရနံ့စံအိမ် အချိန် 10:31 AM
အေးချမ်းမွန် Credit To >ဓမ္မအလင်းရောင် (Light of Damma)
Post a Comment