ယာဉ်ကြောပိတ်ဆြို့ခင်းများ ဖြစ်ပေါ်နေသည့် အလံပြဘုရားလမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
ယာဉ်ကြောကျပ်တည်းခြင်းကြောင့် နေထိုင်သူများ၏ ကျန်းမာရေး၊ စီးပွားရေးအပြင် ခရီးသွားလုပ်ငန်းနှင့် မြို့၏ နေချင့်စဖွယ်ဖြစ်မှုများကို ဆိုရွားစွာ ထိခိုက်စေဟု ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ (YHT) က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ဇွန် ၂၅ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့လယ် မြို့ကွက်ကျဉ်းကျဉ်းများတွင် ကားရပ်နားစရာနေရာများ ပိုမိုဖန်တီးပေးခြင်းသည်လည်း ကားပိုမို သုံးစွဲကြဖို့ အားပေးသလိုဖြစ်ပြီး ယာဉ်ကြောကျပ်တည်းခြင်းကို ပိုမိုဆိုးရွားစေကြောင်း YHT က ဆိုထားသည်။
ရန်ကုန်မြို့၏ ဘတ်စ်ကားစနစ်ကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းနေသည်နှင့်အမျှ အများသုံး လမ်းပန်းဆက်သွယ်ရေးစနစ်၊ ခြေကျင်လျှောက်ခြင်း၊ စက်ဘီးစီးခြင်းများကို ပိုမိုအားပြုပြီး အထူးသဖြင့် မြို့လယ်မြို့ကွက် ကျဉ်းကျဉ်းတွင် ကားသုံးစွဲခြင်းများကို အား ပေးအားမြှောက် မပြုလုပ်ရန်လိုကြောင်း၊ အဆိုပါ နည်းလမ်းများနှင့် ယာဉ်ကြောကျပ်တည်းခြင်းကို လျှော့ချနိုင်မည်ဖြစ်သည်ဟု YHT က ဆိုသည်။
ယာဉ်ကြောကျပ်ခြင်းသည် ယနေ့ကာလ ရန်ကုန်မြို့၏ မြို့ပြပတ်ဝန်းကျင်အတွက် စိတ်ပျက်စရာ အကောင်းဆုံးသော ပြဿနာတစ်ခု ဖြစ်လိမ့်မယ်ဟု ဆိုသည်။ ယာဉ်ကြောကျပ်တည်းမှု ပြဿနာ၏ အရင်းခံတွင် ကားသုံးစွဲမှု မြင့်တက်လာခြင်း၊ အခြားရွေးချယ်စရာ လမ်းပန်းဆက်သွယ်ရေး နည်းလမ်းများ မရှိခြင်းနှင့် ယာဉ်ကြောစီမံခန့်ခွဲမှု အားနည်းခြင်းတို့ ပါဝင်ကြောင်း သိရသည်။
“လမ်းတွေများလာလေ ကားပိတ်တာ ပိုဆိုးလေ။ လမ်းတွေ ပိုဖောက်တာ၊ ကားရပ်စရာနေရာတွေ ပိုဖန်တီးတာတွေဟာ ယာဉ်ကြောကျပ်ခြင်း ပြဿနာကို တကယ်တမ်းမှာ ဘာမှ အထောက်အကူမဖြစ်ဘဲ ပိုပြီး ဆိုးရွားစေတာသာ ရှိပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက လမ်းတွေ များများဖောက်လေ ယာဉ်ကြောကျပ်ပိတ်မှု ပိုဆိုးလေဆိုတာကို မြို့ပြစီမံကိန်းရေးဆွဲသူတွေ နားလည်ခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ လမ်းဖောက်ခြင်းနဲ့ ကားသုံးစွဲမှုအကြား ဆက်နွှယ်မှုမှာ လမ်းဖောက်တာ ၁၀ ရာခိုင်နှုန်း ပိုများလာမယ်ဆိုရင် ကားသုံးစွဲတာကလည်း အလားတူ မြင့်တက်လာမှာပဲ ဖြစ်ပါတယ်”ဟု YHT ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ရန်ကုန်မြို့ရှိ လမ်းမကြီးအများစုတွင် ယာဉ်ထားရန်နေရာ (Parking Lots position) များ မှားယွင်းနေကြောင်း၊ ထို့ကြောင့် မြို့တွင်းပတ်ဝန်းကျင်တွင် ယာဉ်ကြောနှေးကွေးစေကြောင်း၊ လမ်းများ အနည်းငယ် ပြင်ဆင်ခြင်းနှင့် အသိပညာပေးခြင်းများကို ယခု စတင်လုပ်ဆောင်သင့်ကြောင်း ဒေါက်တာကျော်လတ်က ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးကဏ္ဍဆောင်းပါးတွင် ဆိုထားသည်။ ၂၀၁၂ ခုနှစ်နောက်ပိုင်း မော်တော်ယာဉ်များ တင်သွင်းခွင့် လျှော့ပေါ့ပေးပြီးနောက် ယာဉ်အစီးရေ တိုးပွားလာပြီး ယာဉ်ကြောစီးဆင်းမှုများ နှေးကွေးလာကြောင်း သိရသည်။
Writer:
Post a Comment