0

ရန်ကုန်၊ ဇူလိုင် ၇

ကုန်သွယ်ရေး လုပ်ငန်းပိုင်းဆိုင်ရာများကို တစ်နေရာတည်း၌ အပြီး ဆောင်ရွက်နိုင်မည့် NSW-National Single Window ကို ၂၀၁၅ ခုနှစ်တွင် စတင်စမ်းသပ် သုံးစွဲမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရတနာက ပြောကြားသည်။

NSW စနစ်ကို ဂျပန်နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်း လုပ်ဆောင်နေပြီး ကုန်စည်များ အလိုအလျောက် စာရင်းရှင်းသည့်စနစ် (MACCS System) ဟု အမည်ပေးထားကာ ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် အပြည့်အဝ သုံးစွဲနိုင်ရန် ရည်ရွယ်ထားကြောင်း၊ ယင်းစနစ် အကောင်အထည်ပေါ်ပါက ပို့ကုန်သွင်းကုန် လုပ်ငန်းများအတွက် လတ်တလော လုပ်ဆောင်နေရသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် ဘဏ်များ အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများကိုသွား၍ စာရွက်စာတမ်း တင်ပြနေရခြင်းများကို လုပ်ဆောင်ရန် မလိုအပ်တော့ဘဲ ဝန်ဆောင်မှုပေးသူ (Service Provider) မှတစ်ဆင့် တစ်နေရာတည်းတွင် အပြီးအစီး လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လုပ်ငန်းဆောင်ရွက်ရာတွင် အချိန်ကုန် သက်သာမည်ဖြစ်သော National Single Window စနစ်ကို အကောင်အထည် ဖော်နေသည်ကို ထောက်ခံကြောင်း၊ လတ်တလော ကုန်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ဝန်ကြီးဌာနများ တစ်ခုပြီးတစ်ခု သွားရောက်နေရခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုများကြောင့် အခြားနိုင်ငံမှ လုပ်ငန်းရှင်များနှင့် ဆက်ဆံရာတွင် အခက်အခဲများ ဖြစ်ပေါ်ကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များက ပြောကြားသည်။

“ပေါ်လာရင် ကောင်းပါတယ်။ အလုပ်မရှုပ်တော့ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက သိတဲ့အတိုင်းပဲ။ တစ်ဆင့်လုပ်ပေးမယ့် သူတွေက နေရာတိုင်းမှာ ရှိတယ်။ ကားအာမခံ လုပ်ရင်တောင် ပွဲစားနဲ့ ဆိုတာမျိုးတွေ ရှိနေတယ်။ ဒီစနစ်မှာ အဲဒါမျိုးတွေ မရှိရင် ပိုကောင်းမယ်” ဟု မော်တော်ယာဉ် တင်သွင်းရောင်းချသူ လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံသည် National Single Window စနစ်ကို အကောင်အထည်ပေါ်ရန် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ဂျပန်ပညာရှင်များနှင့် ပူးပေါင်း အကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ အဆိုပါစနစ် ဒီဇိုင်းကြမ်း ရေးဆွဲပြီးဖြစ်ကာ အသေးစိတ်ပုံစံကို ရေးဆွဲနေကြောင်း၊ ယင်းစနစ် အကောင်အထည်ပေါ်ပါက ASEAN Single Window စနစ်ဖြင့် ချိတ်ဆက် လုပ်ဆောင်မည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနထံမှ သိရသည်။

“ကျွန်မတို့လည်း e-Custom ကို သွားဖို့ လုပ်နေတယ်။ အခုလုပ်နေရတာက အဆင့်လည်းနည်းနည်းများတယ်။ လူအားနဲ့လည်း လုပ်ရတယ်။ ဒီနှစ်ပိုင်းမှာ Trade Volume (ကုန်သွယ်မှုပမာဏ) တွေကလည်း မြင့်လာတယ်။ ဝန်ထမ်းကလည်း တိုးမလာဘူး။ ဝန်နဲ့အားနဲ မမျှတာတွေ ရှိလာတဲ့အတွက် အခက်အခဲလေးတွေ ရှိကောင်းရှိမှာပါ” ဟု ဒေါ်ရတနာက ဆိုသည်။

အာဆီယံနိုင်ငံများသည် Single Window စနစ်ကို ၂၀၁၂ ခုနှစ်တွင် အကောင်အထည်ပေါ်နိုင်ရန် သဘောတူညီ ထားခဲ့သော်လည်း နည်းပညာ မြင့်မားပြီး ကျွမ်းကျင်မှု အားနည်းသည့်အတွက် စင်ကာပူ တစ်နိုင်ငံသာ အကောင်အထည်ပေါ်ခဲ့သည်။

ACM Credit To:The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top