0

တောင်ငူ၊ ဇူလိုင် ၇

ယမန်နှစ်က အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ပူးပေါင်း ကျင်းပခဲ့သော်လည်း ယခုနှစ် (၆၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ပူးပေါင်းကျင်းပရန် မသေချာကြောင်း အာဇာနည်နေ့ ကျင်းပရေး ကော်မတီအဖွဲ့ လူငယ်တာဝန်ခံ ဦးအေးမင်းဝင်းက ပြောကြားသည်။

“ကျင်းပမယ့် အစီအစဉ်ကတော့ အစည်းအဝေးတွေပြီးမှ ပြောနိုင်မှာပါ။ အရင်နှစ်လို ကြံ့ခိုင်ရေးပါတီနဲ့ ပူးပေါင်းကျင်းပဖြစ်ဖို့က မသေချာဘူး။ သူတို့ဘက်ကလည်း မကမ်းလှမ်းဘူး။ အာဇာနည်နေ့ကို NLD က ဦးဆောင်ပြီး စည်စည်ကားကား ကျင်းပသွားမှာပါ” ဟု ၎င်းကဆိုသည်။

သို့သော် ၂၀၁၃ ခုနှစ် (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ပါတီမှ ဦးဆောင်ကျင်းပရန် စီစဉ်ဆောင်ရွက်ပြီး ပွဲကျင်းပမည့် ရက်မတိုင်မီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပူးပေါင်းကျင်းပရန် ကမ်းလှမ်းခဲ့၍ ကျင်းပခဲ့ရကြောင်းနှင့် ယခုနှစ်အတွက် ပွဲကျင်းပရန် လူငယ်တာဝန်ခံများကို လွှဲအပ်ပေးထားကြောင်း၊ ပါတီနှစ်ခု ပူးပေါင်းကျင်းပသွားမည် မဟုတ်တော့ကြောင်း တောင်ငူမြို့နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့် (ခ) ဦးဘိုတောက်က ပြောကြားသည်။

ယမန်နှစ် အာဇာနည်နေ့ အခမ်းအနားကို တောင်ငူမြို့ မိုင်ဒါကွင်းအတွင်း ပါတီကြီးနှစ်ခု ပူးပေါင်းကျင်းပခဲ့ပြီး ယခင် တပ်မတော်အစိုးရ အုပ်ချုပ်စဉ် သက်တမ်းတစ်လျှောက် အများပြည်သူကို တက်ရောက် အလေးပြုခွင့်၊ လွမ်းသူ့ပန်းခွေ ချထားခွင့်များကို ပိတ်ပင် တားမြစ်ခဲ့သော်လည်း အရပ်သားအစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် NLD ပါတီ အနေနှင့် အခက်အခဲများကြားမှ ကျင်းပခွင့် ရရှိခဲ့ကြောင်း တောင်ငူမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ စုံစမ်းသိရှိရသည်။

“ပါတီနှစ်ခု ပူးပေါင်း ကျင်းပဖို့ ရှိမရှိ မပြောတတ်သေးပါဘူး။ သူတို့ဘက်ကလည်း ကမ်းလှမ်းတာမျိုး မရှိသေးတော့။ တကယ်လို့ ပေါင်းပြီး မလုပ်ဖြစ်ဘူး ဆိုရင်လည်း ကျွန်တော်တို့ ပါတီအနေနဲ့ လုပ်တာကတော့ လုပ်သွားမှာပါပဲခင်ဗျ” ဟု တောင်ငူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးနန္ဒက ဆိုသည်။

ယမန်နှစ်က အာဏာရပါတီကြီးနှင့် အဓိက အတိုက်အခံပါတီ ပူးပေါင်း ကျင်းပခဲ့သည့်အတွက် တောင်ငူမြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာပေါင်း ၆၄ ခုနှင့် မြို့နယ်များမှ ပွဲကျင်းပရာ မိုင်ဒါကွင်းသို့ စစ်ကြောင်းများဖြင့် ချီတက်အလေးပြုသူ ၃၀၀၀ နီးပါး ရှိခဲ့ကြောင်း၊ ယခင် စစ်အစိုးရလက်ထက်က ချီတက် အလေးပြုခွင့် မရှိခဲ့သည့် အာဇာနည်နေ့ မြင်ကွင်းမျိုးကို ကြည်နူး ဝမ်းမြောက်မိကြောင်း ပူးပေါင်းကျင်းပမည်၊ မကျင်းပမည် ဆိုသည်ထက် အာဇာနည်နေ့ အနှစ်သာရကို ပြည်သူများ စိတ်ထဲ ပြည့်ပြည့်ဝဝ သိရှိလျှင် ကျေနပ်ကြောင်း တောင်ငူမြို့ခံ နိုင်ငံရေးသမားကြီး အချို့က သုံးသပ်ပြောဆိုသည်။

နှစ်ပေါင်း ၂၂ နှစ် တိုင်အောင် ကျင်းပပြုလုပ်ခွင့် မရှိခဲ့သော အာဇာနည်နေ့ အခမ်းအနားတွင် နိုင်ငံရေးပါတီကြီးများမှ ချီတက်အလေးပြုရန် ပြင်ဆင်နေမှုကို ယမန်နှစ်က တောင်ငူမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ လုပ်ဆောင်ရန် အသိပေး ပြောကြားခဲ့သကဲ့သို့ မြို့နယ် ရဲတပ်ဖွဲ့မှူးကလည်း ချီတက်ခွင့် ပိတ်ပင်ခဲ့သော်လည်း ပွဲကျင်းပသည့်နေ့တွင် သတ်မှတ်ထားသည့် အတိုင်း စစ်ကြောင်းများဖြင့် ချီတက် အလေးပြုခဲ့ကြကြောင်း တောင်ငူမြို့နယ် NLD အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ACM Credit To:The Voice Weekly
http://www.ayechanmon-news1.com/
Photo: (၆၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား NLD နှင့် USDP ပူးပေါင်း ကျင်းပရန် မသေချာ

Post a Comment

Top