ရေးသားသူ - ဘစီ
မောင်ဘစီတို့ရဲ့ ရွှေပြည်ကြီးရဲ့ တိုင်းရေး ပြည်ရာ အဖြာဖြာဟာ တစ်နေ့တစ်မျိုး မရိုး ရအောင်ပါပဲခင်ဗျာ။ ကျုပ်တို့ ငယ်ငယ် ကလေး ဘ၀က အရပ်ထဲမှာလာပြီး ကလေးတစ်ယောက် တစ်မတ်၊ငါးမူး ပေးကြည့်ရတဲ့ ရောင်စုံကင် မရာလေးကျနေတာပဲ။ သိတယ်ဟုတ်။ မျက် လုံးတစ်ဖက်ကို ချောင်းကြည့်ပေါက် ထည့် ထည့်ပြီး တစ်ဖက်က ဘုခလုတ်လေးကိုနှိပ် ပြီးလှည့်ရင် ကျားကိုမြင်လိုက်၊ သမင်မြင်လိုက်၊ ဆင်မြင်လိုက်နဲ့လေ။ ပန်းစကြာ မှန်ပြောင်း လှည့်သလိုဆိုပြီးလည်း တင်စားပြောနိုင်ပါ သေးရဲ့။
အခုလည်း ဂလိုပဲဗျာ။ ဘစီတို့က နိုင်ငံ ရေးလေး ဘာလေး စိတ်ဝင်စားတဲ့အခါကျ တော့ သတိထားကြည့်တာပေါ့။ ကြည့်တဲ့အ ခါကျတော့ အခုန ရောင်စုံမှန်ပြောင်းကြည့် ရသလိုပဲဗျ။ တစ်နေ့ရွှေ၊ တစ်နေ့ငွေပဲ။ မိဘ ပြည်သူများခင်ဗျာလို့ အာလုတ်ပြုကာ မိန့် ခွန်းခြေတာမှာ အလွန်တရာ ကျမ်းကျေလှတဲ့ သမ္မတတောင်မှ အခု ၂၀၁၅ နီးလာတော့ သိပ်မဟုတ်တော့ဘူး။ သူ့မိန့်ခွန်းတွေကလည်း ကိုယ်ပဲ ကြားရဖန်များလို့လား မသိဘူးဗျ။ ရိုးတောင်အီလှပေါ့။ မိဘပြည်သူများခင်ဗျား လို့ တစ်လေတစ်ခါ အော်ပြီး ကျုပ်တို့ကို ဖိစီး နေသလိုပါပဲခင်ဗျာ။
ထားပါ။ တောရပ်မှာနေတဲ့ ကျုပ်ဘကြီး ကတော့ တစ်ခါတစ်ခါ လှမ်းပြောတယ်။ “ငဘ စီရေ့ နင်တို့ ဝေဖန်ချေချွတ်နေကြတဲ့ အစိုးရ ကလည်း ရွာက အောင်လှမိန်းမ အေးကြည် ဈေးရောင်းသလိုပဲဟ” တဲ့။ ကျုပ် ဘကြီးက တော့ ကြံကြံဖန်ဖန်ပြောတာမှာ နှစ်ယောက် မရှိဘူးဗျ။ ကျုပ်လည်း ဒေါ်အေးကြည်မ အ ကြောင်းသိပါတယ်။ သူက ကျုပ်တို့ငယ်ငယ် ကတည်းက ရွာမှာ ဈေးရောင်းလာတာ။ ရောင်းတယ်ဆိုတာ အကုန်ရောင်းတာ။ ခရမ်း သီးပေါ်ချိန် ခရမ်းသီး။ ချဉ်ပေါင်ပေါ်ချိန် ချဉ် ပေါင်ပေါ့။ မိုးတွင်းရောက်ရင် မုန့်ဟင်းခါး ရောင်ချင်လည်း ရောင်းပြန်ရော။ ဘာတစ်ခုမှ သတ်သတ်မှတ်မှတ်မရှိဘူး။ စိတ်ကူးပေါ်ရာ ထလုပ်တာ။
နို့ပြီး ဒီနေ့ ချဉ်ပေါင်ရောင်းပေတဲ့ နောက် နေ့ ခရမ်းချဉ်သီးဖြစ်ချင်ဖြစ်တာ။ ဒီနေ့ခေါက် ဆွဲရောင်းပေတဲ့ နောက်တစ်နေ့ မုန့်တီဖြစ် ချင်ဖြစ်တာ။ အေးကြည်မ လက်သုပ်လေး စားကောင်းတာဆိုပြီး နောက်နေ့ သွားစား မယ်ဆိုပြီးတော့ အသေမမှတ်နဲ့။ မနက်ဖြန်ကျ ထမင်းကြော်ဖြစ်ချင်ဖြစ်နေတာမျိုးကလား။ အခုလည်း ကျုပ်ဘကြီးက အစိုးရလုပ်ရပ် တွေကို ဝေဖန်လိုက်တာ သင်းနေတာပဲ။ အေး ကြည်မ ဈေးရောင်းသလိုတဲ့ဗျာ။ ဆိုချင်တာက တော့ ဘာမှ ပုံသေသတ်မှတ်လို့မရ၊ စိတ် ကူးတည့်ရာ လုပ်တာလို့များ ဥပမာပေးချင် တာလား မသိပါဘူးဗျ။ ကျုပ်ဘကြီးလည်း ဘစီတို့နဲ့ပေါင်းပြီး ခပ်ထေ့ထေ့လေးတွေ ပြော တတ်လာပြီထင်ရဲ့။
ကိုင်း ... သမ္မတနဲ့ သူ့ရဲ့အစိုးရ လေ ဖောင်းတာ အေးကြည်မ ဈေးရောင်းသလို ဖြစ်တာ၊မဖြစ်တာ အပထား၊ လက်ရှိ နိုင်ငံ ရေးအနေအထားကတော့ အတော်ရှုပ်ထွေး လာပြီဗျ။ အချို့သော နိုင်ငံရေးအကဲခတ်သ မား၊ ပရောဟိတ်များကတော့ဖြင့် မြန်မာပြည် ဟာ နိုင်ငံရေးအကျပ်အတည်းတစ်ခုကို ဦး တည်နေပြီတဲ့ဗျာ။ ဟုတ်မဟုတ်တော့ မသိ ပေါင်။ အဲသလိုတော့ ပြောသံကြားရတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အ တိုက်အခံဘက်က ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တစ်နေ့တခြား တွန်းလုပ်လာ လေ အစိုးရကလည်း ဖွဲ့စည်းပုံမပြင်နိုင်ရေး အတွက် နည်းလမ်းအမျိုးမျိုးနဲ့ ကာကွယ်ဖို့ လုပ်နေပြီတဲ့ခင်ဗျ။
ဒီအချက်ကတော့ သိသာပါတယ်။ အခု ရက်ပိုင်းအတွင်းမှာပဲ ပြည်ထောင်စုလွှတ် တော်က ဖွဲ့စည်းပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်း ပုံပြင်ဆင်ရေး လေ့လာသုံးသပ်မှုကော်မတီက ပုဒ်မ ၅၉(စ)ကို မပြင်ဆင်ဖို့ ကြေညာလိုက် ပြီပဲဟာ။ အနှီ ၅၉(စ)က ဒေါ်အောင်ဆန်းစု ကြည် သမ္မတမဖြစ်ရေးအတွက် ဦးတည်ကန့် သတ်ထားတဲ့ ပုဒ်မ မဟုတ်လား။ သိပြီးသား ပါ။ ပြည်ခိုင်ဖြိုးဘက်က လူတစ်ဦးတစ်ယောက် အတွက် အခြေခံဥပဒေကို မပြင်ဆင်ပေးနိုင် ဘူးဆိုတာ အတိအလင်းပြောနေတာ ခဏ ခဏပဲကိုး။ အခုတော့ ပြည်ခိုင်ဖြိုးအမတ် အ များစုနဲ့ စုဖွဲ့ထားတဲ့ ဖွဲ့စည်းပုံပြင်ရေးလေ့လာ မှုကော်မတီက ၅၉(စ) မပြင်ဘူးပြောတာ အ ဆန်းမှတ်လို့။
ဒါတင်မကသေးဘူး။ ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပဲ အမျိုးသားလွှတ်တော်မှာ နောက် လာမယ့် ရွေးကောက်ပွဲတွေကို ပီအာရ်စနစ် နဲ့ ပြောင်းလဲကျင့်သုံးဖို့ ဆွေးနွေးတဲ့အဆိုဟာ လည်း အတည်ဖြစ်သွားတယ်။ တပ်မတော် အမတ်တွေကတော့ ပီအာရ်ကို ကျင့်သုံးဖို့ဆို တာ မြန်မာပြည်မှာ စောနေသေးတယ်ဆိုပြီး ကန့်ကွက်ပါတယ်။ တိုင်းရင်းသားပါတီတွေ နဲ့ အင်န်အယ်ဒီက လွှတ်တော်ကိုယ်စားလှယ် များကလည်း အလားတူ ကန့်ကွက်ပေတဲ့ ပြည်ခိုင်ဖြိုးအမတ်များအားလုံးက တညီတ ညွတ်တည်း ထောက်ခံကြလို့ အတည်ဖြစ် သွားတာတဲ့။ အခု ပီအာရ်ကျင့်သုံးဖို့အတွက် လေ့လာရေးကော်မတီတောင်မှ ခပ်မြန်မြန် ဖွဲ့လိုက်ပြီဆိုလား။ ဒါမျိုးက လက်ကသွက် တယ်နော်။ သိပ်မကြာခင်မှာပဲ အနှီ ပီအာရ် ကို ပြည်သူ့လွှတ်တော်မှာ ထပ်ဆွေးနွေးကြ ဦးမယ်။ ကံဆိုးစွာနဲ့ပဲ ပြည်သူ့လွှတ်တော်မှ ပီအာရ်သမားတွေရဲ့အဆိုဟာ အောင်မြင်သွား ပြီဆိုရင်တော့ လာမယ့်ရွေးကောက်ပွဲဟာ ပီ အာရ်နည်းအတိုင်း အမတ်နေရာကို ပါတီတွေ အားလုံးဟာ ဝေပုံကျရယူနိုင်မှာဖြစ်သဗျာ။ ကျုပ်ကတော့ တကယ်ပဲ အံ့အားသင့်တယ် ဗျာ။ ပီအာရ်ကျင့်သုံးဖို့အဆိုကို အမျိုးသား လွှတ်တော်မှာ တင်သွင်းလာသူက ဒေါ်ခင်ဝိုင်း ကြည်ခင်ဗျ။ သူဟာ တစ်ချိန်တုန်းက အင်န် အယ်ဒီပါတီကလေဗျာ။ ၂၀၁၀ မှာ အင်န် အယ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက် တော့ အင်န်အယ်ဒီထဲက ရွေးကောက်ပွဲဝင် ချင်တဲ့သူအချို့က ပါတီခွဲထောင်ကြတယ်။ အဲဒါ အင်န်ဒီအက်ဖ်ဆိုပြီး ဖြစ်လာတယ်။ ဒေါ်ခင်ဝိုင်းကြည်က အဲဒီပါတီက ကိုယ်စား လှယ်အမတ်ပေါ့လဗျာ။
အနှီ အင်န်ဒီအက်ဖ်ဟာ တစ်ချိန်က ဒီ မိုကရေစီရေးအတွက် တက်တက်ကြကြလှုပ် ရှားခဲ့သူတွေ ဦးဆောင်လို့ ဒီမိုကရေစီအတွက် အားတက်စရာလို့ ထင်ခဲ့တယ်။ နို့ပေတဲ့ နောက်ပိုင်းကျတော့ ရွေးကောက်ပွဲနဲ့ အမတ် ဖြစ်ရေးနတ်က အ၀ှာတို့ကို အတော်ဖမ်းစား ထင်ပါရဲ့။ ဒါတင်မက အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ ဦးတိုက်ရမယ့်အစား တစ်ချိန်က ပါဝင်ခဲ့ဖူးတဲ့ အင်န်အယ်ဒီရဲ့ လုပ်ရပ်တွေကို ကန့်လန့်တိုက်တဲ့ ပါတီပမာဖြစ်လာတယ်။ ဒါ ဘစီတို့က အမြင်ပေါ့ဗျာ။ ဟုတ်ချင်မှ ဟုတ် မယ်။ သို့ပေတဲ့ မြင်တဲ့အတိုင်း ပြောတာပဲ။ ကြည့်ဗျ။ အနှီ ဒေါ်ခင်ဝိုင်းကြည်ဟာ ပုဒ်မ ၅၉(စ)ကို အမျိုးသားရေးရှုထောင့်က လိုရာ ဆွဲပြီး မပြင်ဆင်ရေးဆိုတဲ့လှုပ်ရှားမှုမှာ ပါခဲ့ သေးတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဗိုလ်စိန်မှန်ကွင်းမှာ လုပ်ခဲ့တဲ့ပွဲလေဗျာ။ ကိုယ့် လူများ မှတ်မိဦးမှာပေါ့။ ၅၉(စ)ကို ပြင်လိုက် လို့ကတော့ တိုင်းပြည်ဟာ နိုင်ငံခြားသား အုပ်စိုးမှုလက်အောက်ကို ကျရောက်သွားကြ မယ်လို့ လေဖမ်းဒန်းစီး ပြောခဲ့ကြတဲ့ပွဲ ပေါ့။ ပရိသတ်မရှိလို့ နောက်ပိုင်းတော့ ထပ် လုပ်တယ် မကြားရပါဘူး။
နောက်ပြီး ဟိုတလောက ရွေးကောက်ပွဲ ကော်မရှင်က ပါတီတွေကို မြေကွက်နဲ့ ကား ပါမစ်ချပေးမယ့် ဥပဒေကြမ်းတစ်ခုကို တင် လာတယ်။ အချို့ပါတီတွေက ဒါက မက်လုံး ပေး ဆွဲဆောင်တာ။ မလုပ်သင့်ဘူး။ မယူသင့် ဘူး ပြောနေတဲ့အချိန်မှာ အင်န်ဒီအက်ဖ်က တော့ ဒီလိုထောက်ပံ့တာဟာ ရန်ပုံငွေတောင့် တင်းတဲ့ ပါတီကြီးအတွက် မလုပ်အပ်ပေတဲ့ ပါတီငယ်လေးတွေအတွက် လိုအပ်ပါသတဲ့ ဗျာ။ ပါတီကြီးဆိုတာ အင်န်အယ်ဒီကို ပြော တာနေမှာပေါ့။ အင်န်အယ်ဒီကတော့ အဲသ လို ထောက်မယ်ဆိုရင် သူတို့ယူမှာ မဟုတ် ဘူးလို့ ငြင်းထားတယ်။ အခြား တိုင်းရင်းသား ပါတီအချို့လည်း အလားတူပဲ။ အင်န်ဒီအက်ဖ် ကတော့ ဒါဟာ ပါတီငယ်တွေအတွက် လို အပ်တယ်တဲ့။ အမှန်တော့ နိုင်ငံရေးကျင့်ဝတ် အရ ရွေးကောက်ပွဲကော်မရှင်က ပါတီတွေ ကို မြေကွက်နဲ့ ကားပါမစ်ပေးခွင့်မရှိသလို ပါ တီတွေကလည်း ယူခွင့်မှ မရှိတာပဲ။ လူထု ထောက်ခံမှုရရင် လူထုရဲ့ ငွေနဲ့ သိက္ခာရှိစွာ ရပ်တည်လို့ရပါတယ်ဗျာ။ နို့ပေတဲ့ ဘစီတို့ ခေတ်မမီတာလားတော့ မသိပါဘူး။ အခု ခေတ် နိုင်ငံရေးသမားတွေကတော့ ငွေရှိမှ နိုင်ငံရေးလုပ်လို့ရတယ်လို့ကို မှတ်နေတာဗျ။
သို့ကလို တွေးလုံးများရှိထားတဲ့ အင်န် ဒီအက်ဖ်ကို ကိုယ်စားပြုထားတဲ့ အမတ်ကြီး ကပဲ အခုဆိုရင် ပီအာရ်အဆိုကို ကျယ်ကျယ် လောင်လောင် တင်လိုက်တာ အောင်မြင်သွား ပြီပေါ့ဗျာ။ ပြည်ခိုင်ဖြိုးအမတ်တွေကလည်း ကွင်းလုံးကျွတ်ကို ထောက်ခံကြပါတယ်။ အ မှန်တော့ ပီအာရ်စနစ်ဆိုတာက ဥပဒေကျွမ်း ကျင်သူများဖွင့်ဆိုချက်ကို အခြေခံပြီးပြောရရင် အခု ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြား ဖြတ် ရွေးကောက်ပွဲတွေမှာ ကျင့်သုံးခဲ့တဲ့ နိုင် သူအကုန်ယူစနစ်မျိုး မဟုတ်ဘဲနဲ့ ရွေးကောက် ပွဲမှာ ၀င်ပြိုင်တဲ့ ပါတီတွေအားလုံးဟာ အ နိုင်ရတဲ့ အမတ်ရေအတွက်အလိုက် အချိုးကျ လွှတ်တော်မှာ အမတ်နေရာရယူနိုင်တဲ့ စနစ် ဖြစ်တယ်တဲ့။
ဘာကြောင့် အချို့ပါတီများက ပီအာရ် ကို သိပ်အာချင်နေကြတာလဲ။ ရှင်းပါသဗျ။ ဖွဲ့စည်းပုံကို ပြင်ပြင်၊ မပြင်ပြင် ၂၀၁၅ မှာ အင်န်အယ်ဒီက ၀င်ပြိုင်မှာပဲ။ အဲသလို ၀င် ပြိုင်ရင် အင်န်အယ်ဒီဟာ တစ်ခဲနက်နိုင်ဦးမှာ ပဲ။ တိုင်းရင်းသားနယ်မြေတွေမှာဆိုရင် တိုင်း ရင်းသားပါတီတွေ အနိုင်ရနိုင်တာရှိပေတဲ့ ကျန်တဲ့နေရာတွေမှာတော့ အင်န်အယ်ဒီဟာ အခြေအနေကောင်းတယ်။ ဒီလိုဆိုရင် အင်န် ဒီအက်ဖ်လို ပါတီငယ်မပြောနဲ့ ပြည်ခိုင်ဖြိုးလို ပါတီကြီးတောင်မှ နိုင်ဖို့ အာမခံချက်မရှိဘူး ဗျ။ အဲ ... ကြိုတင်မဲဆိုတာကလည်း တစ် ခါပဲ လုပ်လို့ရမယ်လေဗျာ။ ဒါကြောင့် အင်န် အယ်ဒီနဲ့ တိုင်းရင်းသားပါတီများရဲ့နိုင်ကွက် ကို ဖျက်ဖို့ တစ်ခုတည်းနည်းက ပီအာရ်လိုက် ကြဖို့ပဲ ရှိတော့တာ။
ဒါကြောင့် အင်န်ဒီအက်ဖ်ကအမတ်ကြီး တင်လိုက်တဲ့ပီအာရ်ကို ပြည်ခိုင်ဖြိုးက ကိုယ် စားလှယ်တွေက သံပြိုင်ပြုကာ ထောက်ခံ တယ်ဆိုတာပေါ့လဗျာ။ အဲ ... အနှာလိုဆို ရင် တပ်မတော်သားတွေက ဘာကြောင့် ပီ အာရ်ကို ကန့်ကွက်တာလည်း မေးစရာရှိတာ ပေါ့။ ခက်တာပဲဗျာ။ အဲဒါတွေဟာ အကွက် တွေဗျ။ လွှတ်တော်မှာ တပ်မတော်ကရော၊ ပြည်ခိုင်ဖြိုးကပါ ထောက်ခံလိုက်တယ်ဆိုရင် အရပ်ရပ် နေပြည်တော်မှာ ကြားလို့ဘယ် ကောင်းမလဲဗျာ။ အစကတည်းက သူတို့နှစ် ခုဟာ တစ်ဂိုဏ်းတည်းလို့ လူတွေကမြင်နေ ကြတဲ့ဟာ။ အခု ပီအာရ်မှာ သူတို့မထောက် ခံလည်း ပြည်ခိုင်ဖြိုးတွေ ထောက်ခံရင်တောင် မှ အဆိုက နိုင်မှာသေချာပြီးသားပဲ။ နိုင်မှာ သေချာမှတော့ ကန့်ကွက်သူမရှိ နိုင်တာထက် ကန့်ကွက်သူတွေကြားက နိုင်သွားတယ်ဆို တာ ဂုဏ်ပိုရှိတာပေါ့။ ဟုတ်ဘူးလား။
ကျုပ်တို့ဆီမှာ အာဏာနဲ့လုပ်ပိုင်ခွင့်အ၀၀ ကို ကိုင်ထားသူတွေဟာ နိုင်မှာသေချာလို့က တော့ ဖွင့်ထားပြီးသားပဲခင်ဗျ။ ၂၀၁၀ မှာ ပြည်ခိုင်ဖြိုးက အစိုးရဖွဲ့နိုင်တဲ့အထိ နိုင်ထား ပြီးတဲ့အခါ ၂၀၁၂ ရွေးကောက်ပွဲကို အပွင့် လင်းဆုံး ဖွင့်ချပေးလိုက်တယ်။ အဲလိုဖွင့်ပေး လို့ သူတို့ကို အင်န်အယ်ဒီနိုင်ခဲ့ရင်လည်း စိုး ရိမ်စရာမှမရှိတာ။ အမတ်နေရာ နည်းနည်းပဲ ရမှာ။ အခု လာမယ့် ၂၀၁၅ ကျတော့ တစ် မျိုးကိုးခင်ဗျ။ ၂၀၁၂ ကြားဖြတ်လိုသာ လွတ် လပ်မျှတတဲ့ ရွေးကောက်ပွဲသာ လုပ်လိုက် လို့ကတော့ အင်န်အယ်ဒီက စားသွားမှာ။ မ နိုင်မှန်းသိတော့ နိုင်သူအကုန်ယူ မလုပ်တော့ ဘူးတဲ့။ ပီအာရ်ဆိုတဲ့ ဝေပုံကျနေရာမျှယူကြ တဲ့စနစ်ကို ပြောင်းကြဦးမတဲ့လေ။ အဲဒါကြောင့် ရွာက ကျုပ်ဘကြီးပြောတာပေါ့ဗျာ။ ဒီနေ့ မြန်မာပြည်ရဲ့ နိုင်ငံရေးဟာ အေးကြည်မ ဈေး ရောင်းသလိုဆိုတာ။ အာဏာကို ထာဝရဆုပ် ကိုင်ဖို့များ ကြံကြံဖန်ဖန် တတ်လည်းတတ် နိုင်ကြတဲ့ သူတွေပဲဗျာ။ ဘစီတို့ကတော့ တစ် ခုပဲ ဆုတောင်းမိသဗျ။ မတတ်သာလို့ ပီအာရ် စနစ်နဲ့ လွှတ်တော်မှာ အမတ်နေရာခွဲကြတဲ့ အခါကျရင်လည်း အဝေမတည့် မဖြစ်ကြပါစေ နဲ့လို့။ သိတယ်ဟုတ်။ “အဝေမတတ် ဆရာ ငတ်” ဆိုတဲ့ စကားလည်းရှိသားမင့်ဟာ။
သို့ပေတဲ့ ရွေးကောက်ပွဲဆိုတာ ပြည်သူ တွေက သူတို့အသည်းကြားက မဲတစ်ပြားကို ပေးကြတဲ့နေရာခင်ဗျ။ အနှီလို အသည်းကြား က မဲတစ်ပြားကို ပေးတဲ့နေရာမှာလည်း သူတို့မေတ္တာရှိတဲ့ ထောက်ခံတဲ့ ကိုယ်စားလှယ် လောင်းတွေ၊ ဒါမှမဟုတ် နိုင်ငံရေးပါတီကို ပေးမှာ။ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေ ဟာ အမတ်နေရာရဖို့ဆိုတာထက် လူထု မေတ္တာရဖို့သာ အရေးကြီးဆုံးပါဗျာ။ ဆိုတော့ ကာ လွှတ်တော်မှာ အမတ်နေရာကိုတော့ ပီအာရ်လုပ်ချင်လုပ်လို့ရမယ်။ လူထုမေတ္တာကိုတော့ ပီအာရ်လုပ်လို့ရမယ်မဟုတ်ဘူးဆိုတာ သက်ဆိုင်သူများ သိဖို့ကောင်းလှသဗျာ။
အတွဲ (၂) အမှတ်စဉ် ၁၈၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။
ကျေးဇူးတင်ပါသည်။
Aye Chan Mon Credit To: The Ladies News Journal
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.