စည်သူမောင်မောင် ACM Re-Post 29-5-2014
ပုသိမ်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံ၌ ၁၉၆၂နောက်ပိုင်း ပထမဆုံးဆောက်လုပ်သည့် ပြည်သူ့ဟစ်တိုင်ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မုံရွာ-ရေဦးကားလမ်းမကြီးပေါ်ရှိ
မိခင်ကလေးစောင့်ရှောက်ရေး ရုံးအနီးတွင် ဆောက်လုပ်နေပြီး ဇွန်လ ပထမပတ်တွင် ဖွင့်လှစ်နိုင်မည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က မေလ ၂၈ရက်က အသိပေး ပြောဆိုလိုက်သည်။
“၀န်ကြီးချုပ်ကို ပြည်သူများက လွတ်လပ်စွာပြောဆိုရင်၊ ပြည်သူတွေခံစားချက်တွေ ပွင့်လင်းစွာပြောဆိုနိုင်ဖို့အတွက် ဟစ်တိုင်ကို တည်ဆောက်ပေးထားတာပါ၊ ဧရာဝတီတိုင်း တခုလုံးအတွက် လုပ်ပေးထားတာပါ၊ ဟစ်တိုင်မှာ ပြောချင်တာကို လာပြောလို့ရပါတယ်၊ လူထုနစ်နာမှုတွေ ပိုသိတော့၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ ပိုထိရောက်တာပေါ့၊
တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ပေးသင့်တာကို လုပ်ပေးတာလည်းပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဦးအေးကျော်က ပြောသည်။
ဟစ်တိုင်တွင် လာရောက်ပြောဆိုမည့် သူများသည် ငြိမ်းချမ်းစွာ စည်းတန်လှည့်လည်ခွင့် ဥပဒေအတိုင်း မြို့ နယ်အုပ်ချုပ်ရေးရုံးတွင် စာတင်ကာ ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ ဟစ်တိုင်တွင် လာရောက်ပြောဆိုမှုတွင် အများကို ထိခိုက်စေသည့် အပြောအဆို၊ စော်ကားရာရောက်သည့် ပြောဆိုမှုများ မရှိရန်နှင့် ဟစ်တိုင်တွင် လာရောက်ပြောဆိုသူများ၏ လုံခြုံရေးအတွက် ရဲလုံခြုံရေးပါ ချထားပေးမည်ဟု ဆိုသည်။
“ဟစ်တိုင် ထားပေးတာ ဒီမိုကရေစီစနစ်အတွက်တော့ ကောင်းတယ်၊ လူထုက ဟစ်တိုင်မှာလာပြောပြီး တိုင်းဒေသကြီးအစိုးရအနေနဲ့  နားထောင်တာထက် ပိုလုပ်ပေးရင်တော့ ကောင်းတဲ့ လုပ်ရပ်တခုဖြစ်တယ်၊ အခုလို လုပ်ပေးတာကိုတော့ ကြိုဆိုပါတယ်”ဟု ပုသိမ်မြို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့ အစည်းက ဦးစိုးလှိုင်ဦးက မဇ္ဈိမသို့ ပြောသည်။
ဟစ်တိုင်ကို ၁၂ပေပတ်လည်၊ ၅ပေ အမြင့် တည်ဆောက်ထားပြီး၊ ဟစ်တိုင်နေရာတွင် လာရောက်နားထောင်သူ ၅၀၀ခန့်အထိ ဆန့်မည်ဟု သိရသည်။
၁၉၆၂ခုနှစ်၊ ဝန်ကြီးချုပ် ဦးနုလက်ထက် အထိ ပြည်သူ့ဟစ်တိုင်များ မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးပြီး ယင်းနောက်ပိုင်း မထားရှိတော့ခြင်းဖြစ်သည်။
ပုံစာ- ဧရာဝတီတိုင်းတွင် ပထမဆုံးထားရှိမည့် ပြည်သူ့ဟစ်တိုင် နေရာနှင့် ခြံဝန်းအား မေလ ၂၇ရက်က တွေ့ရစဉ်။ ပြည်သူ့ဟစ်တိုင်များကို ဝန်ကြီးချုပ် ဦးနုလက်ထက်၊ ၁၉၆၂ခုနှစ်အထိ မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးပြီး ယင်းနောက်ပိုင်းတွင် ယခုဆောက်လုပ်မည့် ဟစ်တိုင်မှာ ပထမဆုံးဖြစ်သည်။ (ဓာတ်ပုံ - စည်သူမောင်မောင်၊ မဇ္ဈိမ)
Aye Chan Mon Credit To: Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment