Published on: April 18, 2014
Written by: နေမျိုးထွန်း
တယ်လီနောမြန်မာ အနေဖြင့် Video Call ၀န်ဆောင်မှုကို ၀က်ဘ်ပေါ်မှသာမက မိုဘိုင်းဖုန်းလိုင်းဖြင့်လည်း အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း တယ်လီနောမြန်မာထံမှ သတင်းရရှိသည်။
ပြည်တွင်း၌ Video Call ၀န်ဆောင်မှုမှာ ယခင်က အသုံးပြုနိုင်ခြင်းမရှိခဲ့ဘဲ မိုဘိုင်းဖုန်းသုံးစွဲသူများ အကြားတွင် မျှော်လင့်စောင့်စားခဲ့သော ၀န်ဆောင်မှုမျိုးလည်း ဖြစ်ကြောင်း သိရသည်။ ယင်းဝန်ဆောင်မှုကို အသုံးပြု နိုင်ခြင်းအားဖြင့် အသံသာမက ရုပ်ကိုပါ မြင်တွေ့ရမည်ဖြစ်ပြီး အနီးဝန်းကျင်ရှိ မြင်ကွင်းများကိုလည်း တိုက်ရိုက်မြင်တွေ့ နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဓာတ်ပုံ၊ အသံဖိုင်၊ ဗီဒီယိုဖိုင်များကို ဖုန်းဖြင့်ပေးပို့နိုင်မည့် MMS ၀န်ဆောင်မှုမှာလည်း သုံးစွဲသူများ စိတ်ဝင်စားသော ၀န်ဆောင်မှု တစ်ခုဖြစ်ပြီး ယင်းဝန်ဆောင်မှုကို ပေးနိုင်ရန် တယ်လီနော မြန်မာအနေဖြင့် စီစဉ်ထားကြောင်း သိရသည်။
"ရောင်းချပေးတဲ့ ဖုန်းဆင်းမ်ကတ်တွေမှာ Voice Call, Video Call ၀န်ဆောင်မှုတွေ ပါဝင်ပါမယ်။ Video Call က Data Service ပေါ်ကနေသွားမယ်။ အင်တာနက်က လက်ရှိရှိပြီးသား ဆက်ကြောင်းတွေကို အသုံးပြုမယ်။ မလုံလောက်ရင်တော့ ထပ်လုပ်မယ်။ အင်တာနက်မြန်နှုန်းက ပျမ်းမျှ 1 Mbps နှုန်းလောက်ရပါမယ်။ ဒါပေမဲ့ တစ်နေရာနဲ့ တစ်နေရာတော့ မတူညီနိုင်ပါဘူး။ ဖုန်းခေါ်ဆိုခနှုန်းထား အတိအကျကိုတော့ ရောင်းချခါနီး အချိန်ရောက်မှပဲ ကြေညာပေးနိုင်မှာပါ" ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောကြားခဲ့သည်။
"စမ်းသပ်မှုမှာ ၀က်ဘ်ပေါ်ကနေ အသုံးပြုခဲ့တယ် ဆိုပေမယ့် ဖုန်းလိုင်းကနေ အသုံးပြုနိုင်အောင်လည်း စီစဉ်ထားပါတယ်" ဟု တယ်လီနောမြန်မာမှ အင်ဂျင်နီယာတစ်ဦးက ရှင်းပြခဲ့သည်။
ဝက်ဘ်ပေါ်မှ Video Call ခေါ်ဆိုပါက Tango, Viber, Skype စသည့်ဆော့ဖ်ဝဲများကို အသုံးပြု၍ ခေါ်ဆိုရမည်ဖြစ်ပြီး ဖုန်းလိုင်းဖြင့်ခေါ်ဆိုမည် ဆိုပါကလည်း ဟန်းဆက်အနေဖြင့် ယင်းလုပ်ဆောင်ချက်များ ပါဝင်ရန် လိုအပ်ကြောင်း သိရသည်။ ယင်းဝန်ဆောင်မှုကို ဖုန်းလိုင်းဖြင့် အသုံးပြုပါက 3G ၀န် ဆောင်မှုရရှိသော နေရာများတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံး အနေဖြင့်မူ ၀က်ဘ်ပေါ်မှအသုံးပြုခြင်းမှာ ပိုမိုအဆင်ပြေကာ ဖုန်းအင်တာနက် ရရှိပါက အသုံးပြုနိုင်မည်ဖြစ်သည်။
တယ်လီနောမြန်မာမှ Live Core Network မှတစ်ဆင့် ပထမဆုံးသော ဖုန်းခေါ်ဆိုမှုကို ဧပြီ ၇ ရက်က Huawei ဟန်းဆက်ဖြင့် ပြုလုပ်စမ်းသပ်ခဲ့ပြီး ယင်းဖုန်းခေါ်ဆိုမှုကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြုလုပ်ပေးခဲ့ပြီး ရန်ကုန် မှ ၂၂ ကီလိုမီတာခန့် ကွာဝေးသော တယ်လီနော၏ Data Centre မှ ဗဟန်းမြို့နယ်တွင် တည်ရှိသော တယ်လီနောမြန်မာ၏ ရုံးချုပ်သို့ ဖုန်းခေါ်ဆိုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ဖုန်းခေါ်ဆိုမှုမှာ တယ်လီနော၏ 3G ကွန်ရက်ပေါ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသံခေါ်ဆိုမှုအပြင် ဗီဒီယိုဖြင့်ခေါ်ဆိုမှုလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ဖုန်းခေါ်ဆိုခြင်းနှင့် အင်တာနက် အသုံးပြုခြင်း စမ်းသပ်မှုတွင် အင်တာနက်မြန်နှုန်းမှာ 5 Mbps ရှိခဲ့ပြီး ဗီဒီယိုဖုန်းခေါ်ဆိုမှုမှာ ၀က်ဘ်ပေါ်တွင် အခြေခံ၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Video Call ခေါ်ဆိုမှုကို စမ်းသပ်ပြုလုပ်နေစဉ်
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment