0

Published on: April 18, 2014
Written by: အိသဉ္ဇာကျော်

သင်္ကြန်ကာလအတွင်း မသန့်ရှင်းသည့်ရေနှင့် ပူပြင်းသည့် နေရောင်ခြည် ထိတွေ့မှုများခြင်းကြောင့် သင်္ကြန်လည်သူအချို့ အရေပြားရောဂါများ ဖြစ်ပွားပြီး၊ ဆေးခန်းများတွင် ကုသနေရကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ကန်တော်ကြီး ကန်ပတ်လမ်းမှ မဏ္ဍပ်များသည် ကန်တော်ကြီး အတွင်းမှရေကို အသုံးပြုပြီး ကမ္ဘာအေး ဘုရားလမ်းမှ မဏ္ဍပ်များသည် အင်းလျားကန် အတွင်းမှရေကို အဓိကအသုံးပြုထားခြင်း ဖြစ်ကြောင်းနှင့် အဆိုပါရေများမှာ ရေသေကန်များ ဖြစ်သည့်အတွက် သန့်ရှင်းမှုအားနည်းပြီး ယင်းရေများကို သင်္ကြန်ကာလအတွင်း အချိန်ကြာကြာ အကြိမ်ရေများများ ထိတွေ့ခြင်း အပါအ၀င် ပူပြင်းသည့် နေရောင်ခြည် ထိတွေ့မှုများကြောင့် လူ့အရေပြားတွင် ဓာတ်မတည့်မှုများကြောင့် အရေပြားဆိုင်ရာ ရောဂါများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း အရေပြားရောဂါ အထူးကုဆရာဝန်များက ဆိုသည်။

"သင်္ကြန်ရေကစားထားတဲ့ လူတွေမှာ အများစုဖြစ်နေတာက အဖုသေးသေးလေးတွေနဲ့ ယားနာလိုမျိုး ဖြစ်တာပါ။ ဒါတွေက မသန့်တဲ့ရေရယ်၊ နေရောင်ခြည်ရယ်၊ လိမ်းထားတဲ့ အလှကုန်ပစ္စည်းတွေရဲ့ ဓာတ်မတည့် မှုတွေကြောင့်ပါ။ အဓိကကတော့ နေရောင်ခြည်ကြောင့်ပေါ့။ နေပြင်းပြင်းမှာ အကာအကွယ်မပါဘဲ အချိန်ကြာကြာ နေတာက အရေပြားကို အများကြီး ထိခိုက်စေပါတယ်။ ဒါတွေအပြင် လိမ်းထားတဲ့အလှကုန်နဲ့ နေရောင်နဲ့မတည့်တာ၊ မသန့်တဲ့ရေနဲ့ နေရောင်ခြည်ပေါင်းပြီး အလဂျီလိုမျိုး ယားနာလိုမျိုးတွေ ဖြစ်ကြတာပါ။ ဒီလိုဖြစ်လို့ ယားမယ်။ ယားလို့ဆိုပြီး အရမ်းကုတ်မယ်ဆိုရင် နောက်ဆက်တွဲ အနာတွေပါ ဖြစ်လာနိုင်တဲ့အတွက် အရေပြား လိမ်းဆေးပဲဖြစ်ဖြစ်၊ အလှဆီလေးပဲဖြစ်ဖြစ် လိမ်းထားလိုက်မယ်ဆိုရင် သက်သာသွားမှာပါ" ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေပြားကုဌာနမှ ဒေါက်တာအောင်ကြီးက ပြောကြားသည်။

"ကျွန်တော်တို့က ပြည်လမ်းမှာရှိတဲ့ IC ဖျော်ဖြေပွဲကို သွားကြည့်ပြီး နေ့တစ်ဝက်လောက် ရေကစားခဲ့တယ်။ ညပိုင်းကျတော့ ခန္ဓာကိုယ်နေရာအနှံ့ ယားလာတယ်။ ယားနာလိုမျိုး အနီစက်အဖုလေးတွေ အများကြီးဖြစ်ပြီး တစ်ကိုယ်လုံးယားနေတာ နှစ်ရက်လောက်ရှိပါပြီ။ ဆေးခန်းတော့ မပြဖြစ်ပေမယ့် ဆေးတော့လိမ်းထားတယ်။ ကျွန်တော့်လိုပဲ ကန်တော်ကြီးပတ်လမ်းမှာ ရေသွားဆော့တဲ့ သူငယ်ချင်း အားလုံးလည်း ဒီလိုပဲ အရေပြားရောဂါတွေ ဖြစ်နေတာပါ" ဟု ကြည့်မြင်တိုင်မြို့နယ်နေ ကိုထိုက်က ဆိုသည်။

ရေကစားမဏ္ဍပ်များတွင် အဓိက ရေအရင်းအမြစ် ရယူသည့် နေရာများအနက် အင်းလျားကန်သည် လူသေအလောင်းများ မကြာခဏတွေ့ရှိရသည့် နေရာတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သင်္ကြန်အတက်နေ့တွင် ကန်တော်ကြီးပတ်လမ်း၌ ရေကစားနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top