0

ရန်ကုန်၊ ဧပြီ ၃၀

ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ဦးတည်နေသော မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထု ဆန္ဒအတိုင်းသာ လိုက်နာပြင်ဆင်ရန် မြန်မာနိုင်ငံသို့ နှစ်ရက်တာ အလည်အပတ်ခရီး ရောက်ရှိခဲ့သော အမေရိကန် ပြည်ထောင်စု၏ ပြည်သူ့သံတမန်ရေးရာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Mr.Richard Stengel က The Voice သို့ ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပြည်သူလူထု လိုအင်ဆန္ဒအတိုင်း တန်ဖိုးထားကာ ပြင်ဆင်ရမည် ဖြစ်ပြီး လက်ရှိအချိန်သည် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စိန်ခေါ်မှုများ ရှိသည်ကို နားလည်မိကြောင်း၊ ယင်းဥပဒေ ပြင်ဆင်ရေးအတွက် လူထုပါဝင်မှု အများအပြား လိုအပ်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းအပြင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လေ့လာသုံးသပ်ရေး ကော်မတီနှင့် ဧပြီလ ၂၉ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံစဉ်ကလည်း ပြည်သူ့ဆန္ဒအတိုင်း အခြေခံဥပဒေ ပြင်ဆင်ရန် တိုက်တွန်းခဲ့ပြီး မည်သည့် အချက်များကို ပြင်ဆင်သင့်ကြောင်းကိုမူ မပြောခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
“လူထုက သမ္မတကို ရွေးချယ်တဲ့အတွက် သမ္မတက ပြည်သူ့ဆန္ဒအတိုင်းပဲ ဘာမဆို လုပ်တယ်၊ ဒါက ဒီမိုကရေစီရဲ့ သဘောတရားပဲ” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်က ထပ်မံအတည်ပြု ပြောဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်များတွင်လည်း ပုဒ်မ ၅၉/စ နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ယခုနှစ်ဆန်းပိုင်းအတွင်း ဆန္ဒပြပွဲများ အသီးသီး ပေါ်ပေါက်လာခဲ့သည်။

အစိုးရဘက်ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လေ့လာသုံးသပ်ရေး ကော်မတီကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး တပ်မတော် အပါအဝင် နိုင်ငံရေးပါတီများ၊ လူထု အကြံပြုချက်များ လက်ခံရရှိထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ဇန်နဝါရီလအတွင်း ပြောကြားခဲ့သော မိန့်ခွန်းအရ သိရသည်။

Mr.Richard Stengel သည် ဧပြီလ ၂၈ ရက်မှ ၂၉ ရက် ခရီးစဉ်အတွင်း စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် သတင်းစာနယ်ဇင်း သမားများကို ဖမ်းဆီးမှုများ ရပ်တန့်ရန် ပြန်ကြားရေး ဝန်ကြီးဌာန အပါအဝင် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများနှင့် ဆွေးနွေးခဲ့ကြောင်း အမေရိကန်သံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို ပြည်ထောင်စုလွှတ်တော်က ဇန်နဝါရီလ ပထမအပတ် အတွင်း အဖွဲ့ဝင် ၃၁ ဖြင့် ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ခြောက်လအလိုတွင် အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တိုက်တွန်း ပြောဆိုထားသည်။

Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top