0

Published on: April 18, 2014
Written by: ဝေလင်းအောင်၊ ရှိုင်းလင်းအောင်

ဧပြီ ၁၇ ရက်က လှိုင်သာယာမြို့နယ် ၉ ရပ်ကွက် မြိုင်လမ်းပေါ်ရှိ အမှတ် ၁၃၀ (က)နေအိမ်၌ သဘာဝအလျောက် ပေါက်နေသော မှိုပွင့်တစ်ခုမှ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ပုံစံတူ ဖြစ်ပေါ်နေ၍ မြို့နယ်အတွင်းမှ လာရောက်ဖူးမြော်ကြည့်ရှုသူ များပြားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ မှိုပွင့်မှ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ပုံစံတူ ဖြစ်ပေါ်နေမှုကို အိပ်မက်ပေးမှုအရ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တွေ့ရှိခဲ့ပုံမှာ အဆိုပါနေအိမ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးမှာ ညဘက်အိပ်စဉ် အိပ်မက်ထဲတွင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ သွားရောက်ဖူးမြော်သော်လည်း မတွေ့ခဲ့ကြောင်း ထိုအခါ အိပ်မက်ထဲတွင်ပင် တစ်စုံတစ်ယောက်က ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်အား အဝေးတွင်မရှာဘဲ မိမိ၏ နေအိမ်ခြံဝင်းအတွင်းတွင် ရှာဖွေရန် အိမ်မက်ပေးခဲ့သောကြောင့် မနက်မိုးလင်း ရှာသောအခါ နေအိမ်ရှေ့ရှိ သစ်သားခြံစည်းရိုးတိုင် အောက်ခြေ၌ ကျိုက်ထီးရိုး စေတီတော်ပုံစံတူ မှိုပွင့်ကို တွေ့ရှိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

"အိပ်မက်မက်ခဲ့တဲ့ ကောင်မလေးက ဗုဒ္ဓဘာသာဝင် မဟုတ်ပါဘူး။ အိပ်မက်ခဲ့တဲ့အတိုင်း မနက်ရှာကြည့်တော့ သစ်သားတိုင်မှာ တွေ့ခဲ့တယ်။ သူက အိမ်နီးနားချင်း ဗုဒ္ဓဘာသာဝင်တွေကို အကျိုးအကြောင်း ပြောပြပြီး ပြကြည့်တော့ ကျိုက်ထီးရိုးစေတီတော်နဲ့ ပုံစံတူတာကို သိရတယ်။ အဲ့ဒီတော့ ပုံစံတူ စေတီတော်နားမှာ အမွှေးတိုင်ထွန်း ပူဇော်ထားရင်း လာကြည့်တဲ့သူတွေ များလာတော့ ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းက မလိုလားအပ်တာတွေ မဖြစ်စေဖို့ လုံခြုံရေးအရ ဘုန်းကြီးကျောင်း တစ်ကျောင်းကို ပင့်ဆောင်ခဲ့ပါတယ်" ဟု ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ဧပြီ ၁၈ ရက်က The Daily Eleven သတင်းစာသို့ ဖြေကြားခဲ့သည်။

အဆိုပါနေအိမ်တွင် မိသားစုလေးဦး နေထိုင်ကာ အိပ်မက်မက်ခဲ့သည့် အမျိုးသမီးမှာ လွန်ခဲ့သော နှစ်လခန့်က ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ သွားရောက်ဖူးမြော်ခဲ့ဖူးကြောင်း သိရသည်။

"ဘုန်းဘုန်းကျောင်းတိုက်ကို နှစ်ဆန်းတစ်ရက်နေ့ ညနေ ၆ နာရီခန့်လောက်မှာ ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပင့်လာတယ်။ အကျိုးအကြောင်းကိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံက သိရတယ်။ ဘုန်းဘုန်းတို့က အသေးစိတ်သိချင်လို့ မေးမြန်းချင်ပေမယ့် ဒကာမလေးက အရမ်းကို စိတ်လှုပ်ရှားပြီး မေးမရတာနဲ့ မမေးဖြစ်တော့ဘူး။ ဒီမြို့နယ်မှာတော့ ဒီလိုဘုရားစေတီတော် ပုံစံတူတွေ့တာ ပထမဦးဆုံးပဲ။ တွေ့ခဲ့တဲ့ ဒကာမလေးက ဘာသာမတူပေမဲ့ ပဋ္ဌာန်းဆက်ရှိတယ်လို့ တွေ့တာလို့ ထင်မြင်မိတယ်။ ရောက်ရောက်ခြင်း လာရောက်ဖူးမြော်တဲ့သူက များလွန်းလို့ ဘုန်းဘုန်းတို့ နောက်နေ့ မနက် ၂ နာရီမှ ကျိန်းရတယ်" ဟု မိုးကောင်းကျောင်းတိုက်မှ တိုက်အုပ်ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားခဲ့သည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ပုံစံတော် ဖြစ်ပေါ်နေသော မှိုပွင့်ကို လက်ရှိအချိန်တွင် လှိုင်သာယာမြို့နယ် ၁၁ ရပ် ကွက်ရှိ မိုးကောင်းကျောင်းတိုက်တွင် ထားရှိပူဇော်ထားကာ လာရောက်ဖူးမြော် ကြည့်ရှုသူ ၃၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း တိုက်အုပ်ဆရာတော်ထံမှ သိရှိရသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ပုံစံတော် ဖြစ်ပေါ်နေသော မှိုပွင့်ကို မိုးကောင်းကျောင်းတိုက်၌ ထားရှိပူဇော် ထားသည်ကို တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top