0

Published on: April 18, 2014
Written by: ရွှန်းလဲ့ဝင်း

ပြင်သစ်၊ နယ်သာလန်၊ သြစတြေးလျ အမေရိကန်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား ချုပ်ဆိုထားသည့် လေကြောင်းသဘောတူ စာချုပ်များကို ခေတ်နှင့်လျော်ညီသည့် စာချုပ်များအဖြစ် ပြင်ဆင်ချုပ်ဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံလေကြောင်းသ ဘောတူစာချုပ် ချုပ်ဆိုထားပြီး ဖြစ်သည့် နိုင်ငံအချို့မှ စာချုပ်ပါ အချက်လက်များအား ခေတ်နှင့်လျော်ညီသည့် စာချုပ်သစ်များအဖြစ် ပြင်ဆင်ချုပ်ဆိုခဲ့သည်။

ခေတ်နှင့်လျော်ညီသည့် စာချုပ်သစ်များအဖြစ် ပြင်ဆင်ချုပ်ဆိုရာတွင် အဓိက ပြင်ဆင်ချုပ်ဆိုသည့် အချက်မှာ ယခင်က နိုင်ငံတစ်နိုင်ငံမှ လေကြောင်းလိုင်းတစ်ခုကိုသာ ပျံသန်းခွင့်ပြုသည့် Single designation အစား ပျံသန်းလိုသည့် လေကြောင်းလိုင်းအား ကန့်သတ်ခြင်း မရှိသည့် Multiple designation အဖြစ် ပြောင်းလဲချုပ်ဆိုခြင်း ဖြစ်သည်။

"မေ ၁၉ ရက်မှာ ဖိလစ်ပိုင်နိုင်ငံနဲ့ ချုပ်ဆိုထားပြီးဖြစ်တဲ့ လေကြောင်း သဘောတူစာချုပ်ကို ပြင်ဆင်ချုပ်ဆိုနိုင်ဖို့ စာချုပ် မူကြမ်းဆွေးနွေးမှုတွေကို ရန်ကုန်မြို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒါပြီးတာနဲ့ ပြင်သစ်၊ နယ်သာလန်၊ သြစတြေးလျနဲ့ အမေရိကန် နိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ လေကြောင်းသဘောတူ စာချုပ်တွေကို ပြင်ဆင်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ လုပ်သွားမှာပါ" ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား လေကြောင်းသဘောတူ စာချုပ်အား ပြင်ဆင်ချုပ်ဆိုခဲ့ပြီး ယခင်က မြန်မာလေကြောင်းလိုင်းများ ဆင်းသက်ခွင့်မရခဲ့သည့် ဂျပန်နိုင်ငံ နာရီတာလေဆိပ်သို့ မြန်မာလေကြောင်းလိုင်းများ ဆင်းသက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံနှင့် ယူအေအီးနိုင်ငံတို့အကြား ပထမဆုံးချုပ်ဆိုသည့် လေကြောင်း သဘောတူစာချုပ် ၂၀၁၄ ခုနှစ် မတ် ၁၀ ရက်၌ ယူအေအီးနိုင်ငံ၌ ချုပ်ဆိုခဲ့သည်။
-
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top