0

Published on: April 18, 2014
Written by: အောင်သူ၊ လဲ့လဲ့အောင်

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီမြစ်ရေ လမ်းဖွံ့ဖြိုးရေး လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ရေလမ်းနယ်မြေ အတွင်း၌ ခရိုင်လေးခုတွင် ဆောင်ရွက်ရန် လျာထားကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (မန္တလေးတိုင်း)မှ သိရသည်။

ရေလမ်းဖွံ့ဖြိုးရေး လုပ်ငန်းများကို ကသာခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မန္တလေးခရိုင်နှင့် ကျောက်ဆည်ခရိုင်ရှိ ရေလမ်းနေရာ ငါးခုတွင် ပြည်ထောင်စု အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

"ရေလမ်းဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေနဲ့ ဆောင်ရွက်တာဖြစ်ပြီး အခုဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ဖို့ လျာထားတဲ့ လုပ်ငန်းတွေကို ခန့်မှန်းကုန်ကျငွေနဲ့ ပြုလုပ်ရမယ့်ပုံစံတွေ၊ အတိုင်းအတာနဲ့ တင်ပြထားပါတယ်။ ခွင့်ပြုရန်ပုံငွေတော့ အတိအကျ မသိရသေးပါဘူး။ လက်ရှိမှာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်က ခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေကို အပြီးသတ် ဆောင်ရွက်နေပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူးက ပြောကြားသည်။

ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန် လျာထားသော နေရာများမှာ ကသာခရိုင်တွင် သံပုရာကုန်းရေလမ်း၊ ပြင်ဦးလွင်ခရိုင်တွင် သုံးဆယ်ပေးရေလမ်းနှင့် နန်းတော်ကျွန်းရေလမ်း၊ မန္တလေးခရိုင်တွင် ဂေါဝိန်ဆိပ်ကမ်း ရေလမ်းနှင့် ကျောက်ဆည်ခရိုင်တွင် လက်ဆောင်ယူရေလမ်း နေရာများကို ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် မျောတိုင်တန်း ကျောက်ဖြည့်ရေကာ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန် လျာထားပြီး ခန့်မှန်းကုန်ကျငွေ ကျပ်သန်းပေါင်း ၅၀၀ ကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ ရန်ပုံငွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ သီးသန့်ရန်ပုံငွေနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ဧရာဝတီမြစ် ရေလမ်းကြောင်း ဖွံ့ဖြိုးရေးနေရာ ငါးခုနှင့် ကမ်းပါးပြို ကာကွယ်ရေး နေရာ ၁၄ ခုတို့တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းများကို ယခုလကုန်အပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း လျာထားသည့် ရေလမ်းဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ခွင့်ပြုရန်ပုံငွေပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ရာ ရေနည်းရာသီကာလတွင် ဖြစ်ပေါ်သည့် ရေလမ်းကြောင်း အခြေအနေပေါ် မူတည်ကာ နေရာပြောင်းလဲမှု အနည်းငယ်ရှိမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ရေလမ်းဖွံ့ဖြိုးရေးအတွက် မျောတိုင်တန်း ကျောက်ဖြည့်ရေကာ ဆောင်ရွက်နေမှုကို တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top