0

Published on: April 18, 2014
Written by: မိုးဟိန်း(မြင်းခြံ)

ပြီးခဲ့သည့် ဧပြီ ၁၀ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ဆီမီးခုံကျေးရွာ အပါအ၀င် ကျေးရွာခုနစ်ရွာအတွင်းရှိ အိမ်ခြေပေါင်း နှစ်ရာကျော်နှင့် စေတီငါးဆူ ပျက်စီးခဲ့ရပြီး ယခုအခါ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုပျက်ခဲ့ရသော နေအိမ်များကို ပြန်လည်တည်ဆောက်လျက်ရှိပြီး အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ပြောကြားသည်။

ထိုနေ့က ဆီမီးခုံကျေးရွာအနီး၌ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာခုနစ်ရွာမှ လူနေအိမ်များစွာ ပျက်စီးခဲ့ရပြီး ဆီမီးခုံကျေးရွာ တစ်ရွာတည်း၌ပင် အိမ်ခြေ ၁၀၆ အိမ် ပျက်စီးခဲ့ရကြောင်း သိရသည်။ ထို့အပြင် ကုလရွာတွင် ၁၂ အိမ်၊ ငါ့နန်းကျေးရွာတွင် ၅၃ အိမ်၊ ညောင်ပင်သာ ကျေးရွာတွင် ၄၃ အိမ်၊ ဂွေကြီးကျေးရွာတွင် နှစ်အိမ်၊ လှိုင်းတတ် ကျေးရွာတွင် သုံးအိမ်၊ မြစ်သာကျေးရွာတွင် ခြောက်အိမ် စုစုပေါင်း ၂၂၅ လုံး ပျက်စီးခဲ့ရပြီး ဧရာဝတီမြစ်ကမ်းအနီးရှိ ဆီမီးခုံကျေးရွာနှင့် ငါ့နန်းကျေးရွာမှာ ပျက်စီးမှုများကြောင်း သတင်းရရှိသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဆီမီးခုံကျေးရွာတွင် စေတီလေးဆူနှင့် ကုလကျေးရွာတွင် ကျောက်ဘုရားအမည်ရှိ စေတီတစ်ဆူ ပြိုကျပျက်ဆီးခဲ့ရပြီး လက်ရှိအချိန်အထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"အဲဒီနေ့ ညက လေတိုက်ပြီး မိုးတွေ အရမ်းရွာပါတယ်။ လေတိုက်တာ တော်တော်လေးကို ပြင်းထန်တဲ့အတွက် ရွာမှာရှိတဲ့ နေအိမ်အမိုးတွေ လန်ကုန်ပါတယ်။ တချို့အိမ်တွေဆို ပြိုကျပျက်စီးကုန်ပါတယ်။ နှစ်ပေါင်းငါးဆယ် အတွင်းမှာ ဒီလိုလေပြင်းတိုက်တာ ဒါပထမဆုံး တွေ့ကြုံရတာပါ။ အိမ်ခြေတစ်ရာကျော် ပျက်စီးခဲ့ပြီး စေတီလေးဆူ ပြိုကျခဲ့ပါတယ်။ အနီးအနားက ရွာတွေကနေအိမ်တွေ တော်တော်များများလည်း ပျက်စီးခဲ့ပါတယ်။ နေအိမ်အမိုးတွေကတော့ တစ်ရွာလုံး လန်ကုန်တော့ ပြန်မိုးနေရပါပြီ။ တချို့ကတော့ အိမ်အလုံးလိုက် ပြိုကျတော့ ချက်ချင်းပြန်ဆောက်ဖို့ မလွယ်ကူတဲ့သူတွေ ရှိနေပါတယ်။ သူတို့ကို ကျေးရွာက ငွေကြေးတတ်နိုင်တဲ့ သူတွေက စုပေါင်းပြီး အိမ်ပြန်ဆောက်ပေး နေပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ အနည်းငယ်သာရှိပြီး သေဆုံးသူ မရှိပါဘူး။ အများစုကတော့ ဆင်းရဲတဲ့သူတွေ ဖြစ်တဲ့အတွက် အကူအညီတွေ လိုအပ်နေပါတယ်" ဟု ဆီမီးခုံ ဒေသခံတစ်ဦးဖြစ်သူ ဦးထွန်းလှက ပြောကြားသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့်လူ နေအိမ်များနှင့် စေတီအချို့ ပျက်စီးခဲ့ရမှု ဖြစ်ပေါ်ခဲ့ကြောင်း ဆီမီးခုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးက ဆိုသည်။

"စေတီငါးဆူနဲ့ လူနေအိမ်နှစ်ရာကျော် ပျက်စီးခဲ့ပါတယ်။ ဆီမီးခုံကအများဆုံး ဖြစ်ခဲ့ပါတယ်။ ၀န်ကြီးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး လာပါတယ်။ အကူအညီတွေ ပေးထားပါတယ်။ တချို့ကတော့ ရွာသူရွာသား အချင်းချင်း ပြန်လည်ကူညီ ကြတဲ့အတွက် အဆင်ပြေပါတယ်။ လူအသေအပျောက်တော့ မရှိပါဘူး" ဟု ဆီမီးခုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးက ဧပြီ ၁၇ ရက်က ပြောကြားသည်။
-
မြင်းခြံ ဆီမီးခုံဒေသတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်တစ်လုံးအား တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
1

Post a Comment

 
Top