Published on: April 18, 2014
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် အတွင်းရှိ ပြင်စလူမြို့နယ်ခွဲ ကုန်းကြီးကျေးရွာ၊ နသတ်ကျေးရွာနှင့် သင်္ကန်းလေးကျေးရွာ စသည့်ဒေသအချို့တွင် သောက်သုံးရေရှားပါးမှုကို ယမန်နှစ်ကထက် စောလျင်စွာ စတင်ကြုံတွေ့လာရပြီး သောက်သုံးရေ ၀ယ်ယူရသည့် ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သတင်းရရှိသည်။
နှစ်စဉ်သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လေ့ရှိသည့် ပြင်စလူမြို့နယ်ခွဲ ကုန်းကြီးကျေးရွာတွင် ကျေးရွာသောက်သုံးရေကန်မှ သောက်သုံးရေများ ခန်းခြောက်သွားလျက်ရှိပြီး၊ ကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ အတွင်းရှိ ကွန်ကရိ ရေလှောင်ကန်များမှ သောက်သုံးရေများကို ခွဲတမ်းအလိုက် သွားရောက်သယ်ယူ နေရကြောင်း ဒေသခံများက ဆိုသည်။
"ကျွန်တော်တို့ရွာမှာ သောက်ရေကန်က ရေကုန်ပြီ၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကနေ သွားယူနေရတယ်။ အနီးရွာတွေကလည်း ရေမပေးချင်တော့ဘူး။ သွားသယ်ဖို့ကို လှေနဲ့ထော်လာဂျီမရှိရင် အဆင်မပြေဘူး။ ငါးဂါလန်ပါတဲ့ ရေတစ်ပုံးကို အခုကျပ်တစ်ရာ ပေးရတယ်။ ဒီလကုန်လောက်ဆို သောက်ရေလုံးဝ ရတော့မှာမဟုတ်ဘူး။ လာလှူမယ့်သူတွေကိုပဲ မျှော်ရတော့မှာ" ဟု ကုန်းကြီးဒေသခံ တစ်ဦးဖြစ်သူ ကိုဇော်ဝေဦးက ပြောကြားသည်။
လပွတ္တာမြို့နယ်ရှိ သင်္ကန်းလေး ကျေးရွာတွင်လည်း သောက်သုံးရေကန်မှ ရေများနည်းပါး လာမှုကြောင့် သောက်ရေကြည်များ မရရှိတော့ဘဲ ရေအနည်များကိုသာ အကြည်ခံ၍ အသုံးပြုနေရသောကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေး ကိစ္စရပ်များပါ စိုးရိမ်နေရလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
"သောက်ရေကန်တွေက ရေခန်းလာတော့ အနည်များလာတယ်။ ရေကြည်မရတော့ဘူး။ ရေကြည်လိုချင်ရင် မနက်အစောကြီးထပြီး သွားစောင့်ခပ်ရတယ်။ ဒါတောင်မှ မ ရတာများတယ်။ ရတာကိုပဲ အကြည်ခံသောက် ရတယ်။ အခုထိတော့ ၀မ်းလျှောဝမ်းပျက် ရောဂါတွေ မဖြစ်သေးဘူး။ ဒါပေမဲ့ ဒီအတိုင်းဆို မကြာခင် ရောဂါတွေ ရလာနိုင်တယ်။ ရေလှူမယ့် အလှူရှင်တွေကိုပဲ မျှော်ရတော့မယ်။ ဒီလကုန်လောက်ဆို သောက်ရေကန်တွေက အကုန်ခန်းသွားနိုင်တယ်" ဟု သင်္ကန်းလေးကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။
-
လပွတ္တာမြို့နယ် အတွင်းရှိ ရေကန်တစ်ခုတွင် သောက်သုံးရေ လာရောက်ခပ်ယူ နေသူများကို တွေ့ရစဉ်
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment