၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်အဆောင်များ ထပ်တိုးဆောက်မည်
ရန်ကုန်၊ ဧပြီ ၂၃
ပညာရေး ဝန်ကြီးဌာန လက်အောက် အဆင့်မြင့်ပညာ တက္ကသိုလ်များတွင် အဆောင်နေ ကျောင်းသားများ ထပ်တိုးလက်ခံရန် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး အဆောင်များ ထပ်တိုး ဆောက်လုပ်မည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက The Voice သို့ ပြောကြားသည်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ်ကမှ စတင်ပြီး အဆင့်မြင့်ပညာ တက္ကသိုလ်များတွင် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ လက်ခံရန် ပညာရေး ဝန်ကြီးဌာနက ညွှန်ကြားခဲ့သော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှသာ ယင်းအဆောင်များ ဆောက်လုပ်ရန် အသုံးစရိတ် ချပေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ “ကျောင်းဆောင် ချပေးမယ်ဆိုတာ နောက်ကျမှ သိရတာ။ လိုအပ်တဲ့ ကျောင်းတွေကို ဦးစားပေးလိုက်တယ်” ဟု ၎င်းကဆိုသည်။
အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်) လက်အောက်ရှိ တက္ကသိုလ်များထဲမှ ပညာရေးတက္ကသိုလ် (စစ်ကိုင်း)၊ မုံရွာနှင့် မိတ္ထီလာ စီးပွားရေးတက္ကသိုလ်များ၊ ကျောက်ဆည်တက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်နှင့် မိုးညှင်းတက္ကသိုလ်တို့တွင် အဆောင်များ စတင်ဆောက်လုပ်ရန် စီစဉ်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ နီးပါး လက်ခံနိုင်မည် ဖြစ်ကြောင်း ဒေါက်တာစိုးဝင်းက ပြောကြားသည်။
အလားတူ အဆင့်မြင့်ပညာရေးဦးစီးဌာန (အောက်မြန်မာပြည်) တက္ကသိုလ်များတွင်လည်း အဆောင်များ ထပ်တိုးဆောက်ရန် အသုံးစရိတ် ချထားပြီ ဖြစ်ကြောင်း အဆိုပါဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က အတည်ပြု ပြောကြားသည်။
“ကျောင်းသားတွေ လိုအပ်သလောက် ဆောက်သွားမှာ” ဟု ၎င်းကဆိုသည်။
တက္ကသိုလ် အဆောင်အတွက် လစဉ် အဆောင်ခ နှုန်းထားများကို သက်ဆိုင်ရာ ပါမောက္ခချုပ်က သတ်မှတ်သွားမည် ဖြစ်ပြီး ပုဂ္ဂလိက အဆောင်များထက် ဈေးနှုန်း လျှော့ချထားကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
ဒေသအလိုက် ပုဂ္ဂလိကအဆောင် ဈေးနှုန်းများ ကွာခြားသွားသော်လည်း လစဉ် ကျပ် ၇၀၀၀ ဝန်းကျင်မှ ၂၀,၀၀၀ ဝန်းကျင်အထိ ပေးရပြီး စားသောက်စရိတ်မှာလည်း တစ်ရက်လျှင် ကျပ် ၅၀၀ ဝန်းကျင်မှ ၂၀၀၀ ဝန်းကျင်အထိ ရှိကြောင်း ပညာရေးဝန်ကြီးဌာန စစ်တမ်းပြုစုချက်အရ သိရသည်။
အဆင့်မြင့်ပညာ တက္ကသိုလ်များတွင် အဆောင် ဆောက်လုပ်လိုပါက တက္ကသိုလ် ပါမောက္ခချုပ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ တိုင်ပင်ညှိနှိုင်း ဆောက်ခွင့် ပြုထားသော်လည်း ယခု ပညာသင်နှစ်အထိ ယင်း BOT စနစ်နှင့် ဆောက်လုပ်သော အဆောင် မရှိသေးကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းက ဆိုသည်။
Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment