0


"အမျိုးသမီးအမတ် အရေအတွက်ကို လွှတ်တော်မှာ ရာခိုင်နှုန်းတစ်ခုအနေနဲ့
သတ်မှတ်ပေးသင့်တယ်"ဟု အမျိုးသမီးတစ်ဦးက ပြောလိုက်သည်နှင့် "အဲဒီလိုမျိုးသာ မဖြစ်မနေ
သတ်မှတ်လိုက်မယ်ဆို အရည်အချင်းမရှိတဲ့ အမျိုးသမီးတွေ လွှတ်တော်ထဲရောက်လာရင်
ဘယ်လိုလုပ်မလဲ"ဟု အမျိုးသားတစ်ယောက်က ချက်ချင်းဆိုသလိုပဲ ၀င်ထောက်လိုက်သည်။
ထိုစဉ် "ဒါဆို လွှတ်တော်ထဲမှာ အခု ရောက်နေတဲ့ အမျိုးသားအမတ်တွေကကော အရည်အချင်း
ရှိနေကြလို့လား"ဟု အမျိုးသားတစ်ယောက်က ထပ်ဆင့်ဝင်မေး လိုက်ပြန်သည်။
ထိုဖြစ်ရပ်မှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ သတင်းယူခြင်း
သင်တန်းတစ်ခု၌ နိုင်ငံရေးမှာ အမျိုးသမီးများရဲ့ပါဝင်ခွင့်နဲ့ ပတ်သက်ပြီး ငြင်းခုံမှုတစ်ခု ဖြစ်သည်။
ယင်းငြင်းခုံမှုမှာ သင်တန်းခန်းမအတွင်း ငြင်းခုံမှု တစ်ခုထက်တော့ သာလွန်နေသည်မှာ
အမှန်ပင်ဖြစ်သည်။
နိုင်ငံရေးတွင် အမျိုးသမီး များပါဝင်ခွင့် အတိအကျပြောရမည်ဆိုပါက တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊
ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဏ္ဍတွေမှာ အမျိုးသမီးများရဲ့ပါဝင်နိုင်ခွင့်ကို အနိမ့်ဆုံး
ရာခိုင်နှုန်းတစ်ခု သတ်မှတ်ပေးရေးကိစ္စမှာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအချို့တွင်လည်း
ယနေ့တိုင် ငြင်းခုံနေရဆဲ အကြောင်းအရာတစ်ရပ်ပင် ဖြစ်သည်။
အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်ပြီး နှစ်ပေါင်းများစွာ ငုပ်လျှိုးနေသည့် မြန်မာနိုင်ငံတွင်လည်း
လွန်ခဲ့တဲ့ သုံး၊ လေးနှစ်ကစတင်ကာ ကျား၊မ တန်းတူညီမျှရေး ခေါင်းစဉ်အောက်မှာ အမျိုးသမီးများ
အမျိုးသားများနှင့် တန်းတူအခွင့်အရေး ရရှိရေးအသံတွေ ကျယ်ကျယ်လောင်လောင်
စတင်ကြားလာရသည်။
ကျား၊ မတန်းတူညီမျှရေး၊ အမျိုးသမီးအခွင့်အရေးကို လေးစားမှုပြရုပ်အနေဖြင့် အစိုးရအပါအ၀င်
အရပ်ဘက်လူ့အဖွဲ့အစည်းအချို့တွင် အမျိုးသမီးများအား နေရာပေးမှုကို အနည်းငယ်
တွေ့မြင်လာရသည်။
သို့သော် ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့်၊ အဓိကကျသည့် ရာထူးနေရာများတွင် အမျိုးသမီးများ၏
ကိုယ်စားပြုမှုသည် အလွန်နည်းပါးနေဆဲပင် ဖြစ်သည်။
ယင်းနည်းပါးလှသည့် အရေအတွက်ကို မြှင့်တင်ရန် နိုင်ငံရေးပါတီများက မကြာမီ ကျင်းပတော့မည့်
ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အမျိုးသမီးအမတ်လောင်းများကို နာမည်စာရင်း
တင်သွင်းလာသည်ကို တွေ့ရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးရရှိသည့် စာရင်းအရ ကော်မရှင်သို့
လျှောက်ထားသည့် ကိုယ်စားလှယ်ပေါင်း ၆,၀၀၀ ကျော်အနက် အမျိုးသမီးကိုယ်စားလှယ်လောင်း
၈၀၀ နီးပါး ပါဝင်ရာ ၂၀၁၀ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက အရေအတွက်အားဖြင့်
တိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း ရာနှုန်းအားဖြင့် တွက်ချက်မည်ဆိုပါက နည်းပါးနေဆဲပင်။
အဓိက ပါတီကြီးနှစ်ခုအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် အမျိုးသမီး
ကိုယ်စားလှယ်လောင်း ခုနစ် ရာခိုင်နှုန်းသာ ပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာတော့
၁၅ ရာခိုင်နှုန်း ပါဝင်နေသည်ကို တွေ့ရသည်။
နိုင်ငံရေးပါတီကိုဦးဆောင်နေသူ အမျိုးသားများကမူ အမျိုးသမီးကိုယ်စားလှယ်လောင်းကို
အရေအတွက် တစ်ခုအနေဖြင့် သတ်မှတ်ထည့်သွင်းချင်သော်လည်း လက်တွေ့အခြေအနေအရ
ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် ကိုက်ညီသူ ရရှိရန်ပင် အင်မတန်ခက်ခဲကြောင်း
တုံ့ပြန်ခဲ့ကြသည်။
"အမျိုးသမီးတွေကိုတော့ အရင်ကထက်စာရင် ဦးစားပေး စဉ်းစားပါတယ်။ ဒါပေမဲ့
အမျိုးသမီးတိုင်းကလည်း သတ်မှတ်ချက်က မီဦးမှကိုး။ တချို့ကျတော့လည်း အရည်အချင်းတော့
ရှိတယ်၊ ကိုယ့်မိသားစုကို ပစ်ထားဖို့ အဆင်မပြေဘူး။ တချို့ကျတော့လည်း စိတ်ဝင်စားမှုနည်းတာ၊
တချို့ကလည်း လုပ်ချင်တာပဲသိတာ၊ အရည်အချင်းကျတော့ မမီပြန်ဘူး"ဟု ရခိုင်အမျိုးသားပါတီ
အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအေးသာအောင်က ပြောသည်။
အမတ်လောင်းအဖြစ် အဆိုပြုသူများကို အမတ်လောင်းအရည်အချင်း သတ်မှတ်ချက်မီ၊
မမီဆိုတာကို ပါတီများက စဉ်းစားရာတွင် အမျိုးသမီးများထက် အမျိုးသားများကို
ပိုမိုဦးစားပေးခဲ့သော်လည်း ၀င်ရောက်ယှဉ်ပြိုင်ရန် တင်သွင်းခံခဲ့ရသည့် အမျိုးသမီးအမတ်လောင်း
၁၃ ရာခိုင်နှုန်းတွင် မည်ကဲ့သို့ သောအမတ်လောင်းများ ပါဝင်နေလဲဆိုသည်က
စိတ်ဝင်စားဖွယ်ကောင်းသည်ကတော့ အမှန်ပင်။
ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရသည့် အဓိက ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး
မြန်မာတိုင်း(မ်)က အမျိုးသမီးကိုယ်စားလှယ်လောင်းများကို မေးမြန်းသည့်အခါ အမျိုးသမီး
အခွင့်အရေးအတွက် ဆောင်ရွက်ပေးလိုသည့် တူညီသည့် ဘုံရည်မှန်းချက်တစ်ခုကို တွေ့ရသည်။
လူထုအတွက် ဆောင်ရွက်ပေးလိုသည့် စိတ်စေတနာထက်သန်မှုကို အားတက်သရော
ပြောဆိုကြသော်လည်း လွှတ်တော်နှင့် ပတ်သက်၍ လေ့လာမှုကတော့ အားနည်းသည်ကို
တွေ့ရသည်။

http://myanmar.mmtimes.com/

Post a Comment

 
Top