0


အခွန်အများဆုံး ပေးဆောင်ရမည့်သူများ သီးသန့်အခွန်ဆောင်ရမည့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ဖွင့်လှစ်ခဲ့ပြီး သယံဇာတ၊ ဆောက်လုပ်ရေး၊ လေကြောင်း၊ ဆက်သွယ်ရေး လုပ်ငန်းရှင်များကို အဆိုပါရုံးတွင် အခွန်ပေးဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အကြီးဆုံး အခွန်ထမ်းများအတွက် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဖွင့်လှစ်ပေးခဲ့ပြီး သယံဇာတ တူးဖော်ထုတ်ယူရေး၊ ဆက်သွယ်ရေး၊ လေကြောင်းပို့ဆောင်ရေး၊ ဆောက်လုပ်ရေး စသည့်လုပ်ငန်းများ၊ ကုမ္ပဏီအုပ်စုများ၊ အများပိုင်ကုမ္ပဏီများနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများကဲ့သို့ သီးသန့်လုပ်ငန်း ကဏ္ဍများကို အဆိုပါအခွန်ရုံးတွင် အခွန်ဆောင်ရန် ရွေးချယ်သတ်မှတ်ထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းတွင် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်က တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသည် ၀င်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေနှင့် ယင်းဥပဒေတို့၏ နည်းဥပဒေများ စည်းမျဉ်းများပါ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသည် မြန်မာနိုင်ငံရှိ အကြီးဆုံးသော အခွန်ထမ်းကြီးများအား အရည်အသွေး ပြည့်ဝသည့် ၀န်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ကျွမ်းကျင်အခွန်အရာရှိများဖြင့် ခန့်အပ်တာဝန်ပေးထားကြောင်း သိရသည်။ အဆိုပါရုံးသည် အခွန်ဥပဒေများအရ လိုအပ်ချက်များကို အခွန်ထမ်းကြီးများ ပိုမိုတိုးတက် လိုက်နာဆောင်ရွက်နိုင်စေရန်နှင့် တစ်ချိန်တည်းတွင် အခွန်ထမ်းကြီးများ တင်ပြသည့် သတင်းအချက်အလက်များသည် မှန်ကန်ကြောင်း၊ တိကျကြောင်းနှင့် အချိန်မီဖြစ်ကြောင်း သေချာစေမည့် မဟာဗျူဟာများကို အကောင်အထည်ဖော်ရန် အခွန်ထမ်းကြီးများနှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် အခွန်တာဝန်ထမ်းဆောင်ရမည့် အခွန်ထမ်းကြီးများကို ရွေးချယ်ဆုံးဖြတ်ရာ၌ အသုံးပြုနိုင်ရန် စံနှုန်းများကို ပြည်တွင်းအခွန်များ ဦးစီးဌာနက သတ်မှတ်ထားပြီးဖြစ်ကြောင်းနှင့် ယင်းစံနှုန်းများတွင် မတည်ရင်းနှီးငွေနှင့် ထည့်ဝင်ပြီးရင်းနှီးငွေ၊ စုစုပေါင်းဝင်ငွေ၊ သုံးနှစ်ဆက်တိုက် အခွန်အများဆုံး ပေးဆောင်မှုကဲ့သို့ ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်အလက်များ၊ သယံဇာတ တူးဖော်ထုတ်ယူရေး၊ ဆက်သွယ်ရေး၊ လေကြောင်းပို့ဆောင်ရေး၊ ဆောက်လုပ်ရေး စသည့်လုပ်ငန်းများ၊ ကုမ္ပဏီအုပ်စုများ၊ အများပိုင်ကုမ္ပဏီများနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများကဲ့သို့ သီးသန့်လုပ်ငန်းကဏ္ဍများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် အခွန်ပေးဆောင်ရမည့် အခွန်ထမ်းများကို ၂၀၁၄ ခုနှစ် မေ ၃၀ ရက်နောက်ဆုံးထား ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး အခွန်ထမ်းများ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရာ၌ လိုအပ်မည့် အခွင့်အရေးများနှင့် တာဝန်များ၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ဆောင်ရွက်ပေးမည့် ၀န်ဆောင်မှုများကို အခွန်ထမ်းများအား ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်များမှာ Myanmar Brewery Ltd.၊ Rothmans of Pall Mall Myanmar Pte.Ltd၊ Dagon Beverages Co.,Ltd၊ International Beverages Trading Co.,Ltd၊ Myanmar CP Livestock Co.,Ltd၊ City Mart Holding Co.,Ltd၊ Premier Coffee Co.,Ltd၊ Yathar Cho Industry Ltd၊ Max (Myanmar) Manufacturing Co.,Ltd၊ Straits Green Field Ltd.(Sedona Hotel-YGN) တို့ဖြစ်ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ၀င်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်များမှာ Kanbawza Bank Ltd.၊ Myanmar Brewery Ltd.၊ International Beverages Trading Co.,Ltd၊ Myanmar CP Livestock Co.,Ltd၊ Shwe Taung Development Co.,Ltd တို့ဖြစ်ကြောင်း သိရသည်။

အခွန်ရှောင်လွှဲသည့် ကိစ္စရပ်များကို ၀င်ငွေခွန်ဥပဒေပုဒ်မ ၄၆ နှင့် ၄၇ ဖြင့်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ နှင့် ၂၂ အရလည်းကောင်း အရေးယူနိုင်ကြောင်းနှင့် အခွန်နှင့် ပတ်သက်သော အဂတိလိုက်စားမှုများကို ကာကွယ်နိုင်ရန် ၀င်ငွေခွန်ဥပဒေပုဒ်မ ၄၈ နှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၃ တို့တွင် ပြဋ္ဌာန်းထားသည်။

အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့်ရထိုက်သော အခွန်ရရှိခြင်း ရှိ၊ မရှိ စိစစ်ရန်၊ နိုင်ငံတော်အတွင်း ဆောင်ရွက်နေသည့် ၀န်ဆောင်မှု၊ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှုလုပ်ငန်းများမှ အခွန်ကောက်ခံ ရရှိမှုကို စိစစ်ရန်၊ ရသင့်ရထိုက်သော အခွန်ရရှိရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် လက်ရှိအခွန်ကောက်ခံမှုနှင့်ပတ်သက်ပြီး လေ့လာသုံးသပ်မှုများကို ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ၂၀၁၃ ခုနှစ် မေလအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ပန်းဆိုးတန်းလမ်း အလယ်ဘလောက်တွင် ဖွင့်လှစ်ထားသည့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top