ရန်ကုန်၊ နိုဝင်ဘာ ၂၇
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရန် မြန်မာ-ဂျပန် (အစိုးရနှင့် ပုဂ္ဂလိက) ပူးပေါင်း ဖွဲ့စည်းထားသော သီလဝါ ဖက်စပ်ကုမ္ပဏီ၏ မြန်မာပုဂ္ဂလိက ဒါရိုက်တာအဖွဲ့ အဖွဲ့ဝင်စာရင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန်မည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။
သီလဝါ ဖက်စပ်ကုမ္ပဏီ ဒါရိုက်တာအဖွဲ့တွင် မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင်တစ်ဦး၊ မြန်မာသီလဝါ အများပိုင် ကုမ္ပဏီကိုးခု၏ ဒါရိုက်တာ ၁၈ ဦးအနက်မှ မြန်မာပုဂ္ဂလိက ဒါရိုက်တာအဖွဲ့ဝင် လေးဦး၊ ဂျပန်ဘက်မှ သုံးဦး စုစုပေါင်း အဖွဲ့ဝင်ရှစ်ဦး ဖြစ်ကြောင်း မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးရဲမြတ်အောင်က ရှင်းပြသည်။
“ဒါရိုက်တာအဖွဲ့ဝင် ရွေးဖို့ ဆိုပြီး မဲပေးရတာ ရှိတယ်။ ဒါပေမဲ့ အခုအဲဒါကို အတည်မပြုနိုင်သေးဘူး။ ပြန်ပြီးရွေးမယ်လို့လည်း ကြားတယ်” ဟု ၎င်းကဆိုသည်။
ဒါရိုက်တာဘုတ် အဖွဲ့ဝင်များကို မည်သူ့ကို ရွေးချယ်မည် ဆိုသည်မှာ အတည်မဖြစ်သေးဘဲ လျာထားဆဲသာ ဖြစ်ကြောင်း အဆိုပါ ဒါရိုက်တာ ရွေးချယ်ပွဲ လျာထားစာရင်းတွင် မပါဝင်သည့် ဦးဝင်းအောင်က ဆိုသည်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်းများကို ယခုနှစ် ဒီဇင်ဘာလတွင် စတင်မည် ဖြစ်ပြီး မြန်မာအစိုးရကိုယ်စား ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က တာဝန်ယူမည် ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် ဖော်ဆောင်ရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးဆက်အောင်က ဆိုသည်။
“မြန်မာပုဂ္ဂလိက ကုမ္ပဏီတွေဘက်က ဒါရိုက်တာလေးဦးကို ရွေးတယ်တော့ ကြားတယ်။ ဒါပေမဲ့ အတည်မဖြစ်သေးဘူးလို့ ပြောတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ Comment မှတော့ မပေးလိုဘူး” ဟု ဦးဆက်အောင်က ဆိုသည်။
မြန်မာသီလဝါ ဖက်စပ်ကုမ္ပဏီဘက်မှ ဒါရိုက်တာအဖွဲ့ဝင် လေးဦးကို ပြီးခဲ့သည့် ရက်ပိုင်းက ရွေးချယ်ခဲ့ပြီး မြန်မာနည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း အများပိုင်ကုမ္ပဏီ (Myanmar Technoligies and Investment Corporation -MTI) မှ ဦးအောင်စိုးသာနှင့် ဦးသောင်းစုငြိမ်းတို့ကို ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ကိုယ်စားပြု အရွေးခံစေရာ ဦးအောင်စိုးသာ အရွေးခံရသော်လည်း ယင်း ဒါရိုက်တာ အဖွဲ့စာရင်းမှာ အတည်မဖြစ်သေးကြောင်း MTI အများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးထင်အောင်ခိုင်က ပြောကြားသည်။
လာမည့် ရက်သတ္တတစ်ပတ်အတွင်း ယင်းဒါရိုက်တာ ဘုတ်အဖွဲ့ ရွေးချယ်မှုနှင့် ပတ်သက်၍ အစည်းအဝေး ပြုလုပ်ရန် ရှိပြီး ယင်းနောက်မှသာ တိကျစွာ သိရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသိန်းဟန်က ပြောဆိုသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment