ရန်ကုန်၊ နိုဝင်ဘာ ၂၇
နိုင်ငံတစ်ဝန်း ထင်း၊ မီးသွေး သုံးစွဲမှုပမာဏ မြင့်မားနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ပြဿနာကြီး ဖြစ်လာနိုင်ရာ ထင်းအစားထိုး လောင်စာဈေးကွက် တွင်ကျယ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း မြန်မာ့ ပြန်ပြည့်မြဲ စွမ်းအင်အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ထင်း၊ မီးသွေးသုံးစွဲမှုသည် အဆိုးဝါးဆုံး အခြေအနေ ရောက်ရှိနေပြီ ဖြစ်ပြီး သစ်တောများ ပြုန်းတီးလာခြင်းတို့ကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု ပြဿနာ ကြီးထွားနိုင်ရာ ယင်းကြောင့် ထင်းအစားထိုးလောင်စာ ဈေးကွက်ကို တိုးမြှင့် အကောင်အထည်ဖော်ရန် လိုကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်မီး မရရှိသည့် ကျေးရွာပေါင်း ခြောက်သောင်းငါးထောင် ဝန်းကျင်ခန့် ရှိပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် ရှိသဖြင့် ၎င်းတို့မှာ သစ်ခုတ်ယူခြင်းမှ ထင်း၊ မီးသွေးလောင်စာ အသုံးပြုမှု များကြောင်း၊ ယင်းအပြင် မြို့ပြတွင်လည်း စက်ရုံ၊ အလုပ်ရုံများသည် ထင်း၊ မီးသွေး လောင်စာ အသုံးပြုမှု များခြင်းကြောင့် ပြောင်းလဲရန် လိုအပ်ကြောင်း ဦးအောင်မြင့်က ရှင်းပြပြောဆိုသည်။
“၇၄ ရာခိုင်နှုန်းက Renewable Energy အတွက် Market ကြီး ဖြစ်နေတယ်။ ၁၀ နှစ်မခံဘူး။ ပြဿနာ တက်နိုင်တယ်။ တစ်နိုင်ငံလုံး ပြောင်းဖို့လိုပြီ” ဟု ၎င်းကပြောကြားသည်။
ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် စသည့်တို့သည် ထင်းလောင်စာ အသုံးပြုမှု အများဆုံး ဖြစ်ခြင်းကြောင့် သစ်တောများ ပြုန်းတီးမှုတစ်နှစ် ထက်တစ်နှစ် မြန်ဆန်လာနေခြင်း ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ပညာရှင် ဦးအုန်းက သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံ၌ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၂၀၁၃ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။
ထင်း၊ မီးသွေး အစားထိုးလောင်စာ မီးဖိုများသည် ထင်းသုံးစွဲမှု ပမာဏကို ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်သဖြင့် ကျေးလက်ဒေသများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန် နည်းပညာ အထောက်အပံ့များ ဖြန့်ဝေရန် ဆောင်ရွက်နေကြောင်း မြန်မာ့ ပြန်ပြည့်မြဲစွမ်းအင် အသင်းထံမှ သိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly

Post a Comment