0


ရန်ကုန်၊ နိုဝင်ဘာ ၁၉

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ပေါက်တောမြို့နယ်တို့တွင် နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့၌ ကလေးငယ် နှစ်ဦး နေအိမ်မှ ပျောက်ဆုံးသွားပြီးနောက် သေဆုံးနေသော အလောင်းများကို တွေ့ရကြောင်း အဆိုပါ မြို့နယ်များ၏ ရဲစခန်းများ ထံမှ သိရသည်။

ပေါက်တောမြို့နယ် စိုးမဲကျီကျေးရွာမှ အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၆ နာရီ ခန့်တွင် အိမ်မှ ပျောက်ဆုံးသွားပြီး နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အိမ်နှင့် ၂ ဖာလုံခန့် ကွာဝေးသည့် စမ်းချောင်းအနီးတွင် ငယ်ထိပ် ပေါက်ပြဲ ဒဏ်ရာဖြင့် သေဆုံးလျက် တွေ့ရှိရကြောင်း ပေါက်တောမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“ဘယ်သူ ဘယ်ဝါ သတ်တယ်ရယ်လို့ အဓိကပြောလို့ မရသေးဘူး၊ စုံစမ်းနေပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါအမှုကို ဥပဒေပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

အလားတူ ကျောက်တော်မြို့နယ်၊ ကြာညိုပြင် ကျေးရွာတွင်လည်း အသက် ၆ နှစ်အရွယ်ရှိ မိန်းကလေး တစ်ဦးသည် နိုဝင်ဘာ ၁၈ ရက်နေ့တွင် နေအိမ်မှ ပျောက်ဆုံးသွားပြီးနောက် နိုဝင်ဘာ ၁၉ ရက်နေ့ နံနက်တွင်း ရွာပြင်ပရှိ စပါးခင်းတွင် ဦးခေါင်းဒဏ်ရာ တစ်ချက်၊ ပါး တစ်ဖက်တစ်ချက်စီတွင် ဒဏ်ရာ၊ အဓမ္မ ပြုကျင့်ခံရသည့် ဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရကြောင်း အဆိုပါ ကျေးရွာ၏ ဒေသခံများထံမှ သိရသည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top