By Administrator - Fri Nov 15, 3:37 pm
‘မင်းတို့ လစ်ဘရယ်သမားတွေဟာ’၊ ‘မင်းတို့ ခပ်ပျော့ပျော့ကောင် တွေက’ နဲ့စပြီး ဖော်လိုက်တဲ့ တိုက်ကွက်တွေက နှစ်ချို့ တာရှည်ခံ အမုန်းလက်သီး စကားလုံးကြီးတွေနဲ့ တရစပ် ဝင်လာတော့တာပါပဲ။ လမ်းဘေးက သူလိုကိုယ်လို နိုင်ငံရေး စကားဝိုင်းလေး ဆိုပါတော့။ သူတို့ ရည်ရွယ်ရာကို တိုက်ရိုက် ပြောခွင့်မရတဲ့အခါ အထက်ပါ စကားလုံးတွေက ဒေါသနဲ့အတူ ပြောခွင့်ရတဲ့ဆီကို အရှိန်ပြင်းပြင်း ထွက်ကျလာလေ့ ရှိပါတယ်။
ခပ်ပျော့ပျော့ဆိုတဲ့ လူတွေက အစိုးရဘက်သား တွေတော့ မဟုတ်ကြပါ။ သူတို့ရဲ့ ယုံကြည်ချက်နဲ့ ရပ်နေကြတဲ့ သူတို့ရဲ့လမ်းပါပဲ။ ခပ်ပျော့ပျော့ မဟုတ်တဲ့ သူတွေကို ဆွဲကောင်းလည်း ဆွဲကြလိမ့်မယ်ပေါ့ဗျာ။ ပိုကောင်းမယ်လို့ သူယုံကြည်တဲ့ လမ်းကို အတူလျှောက်ဖို့ သူ့မိတ်ဆွေတွေကိုလည်း တိုက်ရင်းတွန်းရင်း ခေါ်ချင်ကြမှာ သဘာဝပဲ မဟုတ်လား။
မပျော့နိုင်တဲ့ သူတွေက ဒီလိုလမ်းမျိုး တယ်ခံတွင်း မတွေ့ကြတော့လည်း ခက်ကြရတာပေါ့ ခင်ဗျာ။
“ဘာကြောင့် ထိုးချင်နေရတာတုန်းဗျ။ မထိုးဘဲနဲ့လည်း ဖြစ်နိုင်နေမင့် ဟာကို။ ခင်ဗျားက ထိုးလိုက်ရမှ ကျေနပ်မယ် ဆိုသလိုများ ဖြစ်နေမလား”
“ရရင်ရ .. မရရင်တော့ ချပြီ ဆရာရေ”
“မျက်လုံးက လူတစ်ယောက်မှာ နှစ်လုံးပဲရှိတော့ ခက်တာပဲ။ သူဖောက်ခဲ့တဲ့ မျက်လုံးက နှစ်လုံးမကတော့ ဟာမူရာဘီ ထုံးနဲ့တောင် မကျေနိုင်ဘူးလေ”
သူတို့ရဲ့အမြင်ကို ပစ်ပယ် မထားသင့်လှပေဘူးဗျ။ သူတို့မှာလည်း လုံလောက်တဲ့ သူတို့ရဲ့ အကြောင်းရင်းတွေ ကိုယ်စီ ရှိကြကောင်းပါရဲ့။
“ကျုပ်လို ထောင်ထဲ အနှစ် ၂၀ နေခဲ့ရပြီး လူတစ်ယောက်ရဲ့ သိက္ခာတွေ၊ ကြီးမြတ်မှု ဆိုတာတွေကို သုညအထိ ချနင်းခံခဲ့ရမယ်ဆိုရင် ခင်ဗျား ဒီလို ပျော့ပျော့ပျောင်းပျောင်း တွေးနိုင်ဦးမလား သိပ်သိချင်တယ်ဗျာ”
“ကျုပ်က ကျုပ်နိုင်ငံ၊ ကျုပ် လူမျိုးအတွက် ဆိုပြီး ထမင်းငတ်ခံ၊ အဆင်းရဲခံပြီး လုပ်ခဲ့တယ်။ ကျုပ်နိုင်ငံ ကျုပ်လူမျိုးက ကျုပ်ဖို့တဲ့ ..ကျည်ဆန်တွေ ပြန်ပေးတယ်။ တစ်ချိန်လုံး ပစ်ပယ်ထားခဲ့တဲ့ ဘုရားက ဖယ်ပေးလို့ အခုထိ မသေသေးတာပေါ့။ ဒီလိုမြစ်မျိုးကို ဖြတ်ခဲ့တဲ့လှေက ခင်ဗျားတို့ လှေလို နုနုလှလှလေး ဖြစ်ဖို့တော့ မမျှော်လင့်သင့်ဘူးလေ”
“ငါ့အမျိုးသုံးယောက် သေတယ်။ မိသားစုဆိုတာ ပျက်စီးသွားခဲ့တယ်။ ဖျက်ဆီးခံရတာ။ မိဘတွေကို ကိုယ့်ယုံကြည်မှုနဲ့ ကျေးဇူးဆပ်သလို ဖြစ်ခဲ့တယ်။ ဒီထဲက အမာရွတ်တွေက မပျောက်နိုင်တော့ဘူး။ ဒီလို အသည်းနှလုံးမျိုးဟာ ဘယ်လိုကြောင့်များ ပျော့ပျောင်းနိုင်လိမ့်မလဲကွာ။ အဲဒီလောက် အထိလည်း ငါတို့ မကြီးမြတ်နိုင်ကြသေးဘူး”
မတူတဲ့ အမြင်တွေကို လေးစားတတ်ဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ ကိုယ်စီက ဘယ်လောက်အထိ ကြီးမြတ်နိုင်ကြမှာ မို့လို့လဲ။
စကားမာမာကို မျက်နှာထားမာမာ ၊ နှလုံးသားမာမာနဲ့ ပြောတတ်တဲ့ မိတ်ဆွေတစ်ဦးရဲ့ စကားလေး မျှဝေရင်း အများသူငါတွေရဲ့ ရှုထောင့်များကို အသီးသီး လေးစားတတ်ကြဖို့ စကားလက်ဆောင် ပါးလိုက်ရ ပါတော့တယ်။
“ကျွန်တော်တို့ ခွင့်လွှတ်နိုင်ပါတယ်။ တကယ်ပြောတာ။ ဘာမှ လက်တုံ့မပြန်စေရဘူး။ ခွင့်လွှတ်ပါတယ်။ သူတို့ရဲ့မျက်နှာကို မကြည့်ဘဲ ပြောတာပါ။ ဟုတ်တယ်။ ကျွန်တော်တို့ မျက်နှာမူထားတာက ကျွန်တော်တို့ ပြည်သူတွေပဲ။ သူတို့အတွက်၊ သူတို့ မျက်ခွက်နဲ့ပဲ အားလုံးကို ခွင့်လွှတ်ပါရစေတော့။ ခင်ဗျားတို့ ပြောသလို လက်လည်းကမ်းပါ့မယ်။ ဝမ်းပန်းတသာ မဟုတ်တောင် ကြိုဆိုမယ်။ ကျွန်တော်တို့ အသက်ရှင်နေတာက ဒီအတွက်ပါပဲ။ ကောင်းပါပြီ။ အလေးအနက်ထားပြီး တစ်ခုပြောပါရစေ။ ကျွန်တော်တို့ဘက်က လက်ကမ်းပြီး ပြုံးပြနေတာတောင် ခမျာများဘက်က ဆက်ခါးနေလို့တော့ မဖြစ်နိုင်ဘူး။ ပြည်သူဆိုတဲ့ ပုံမှန်ဘဝတွေကို ဆက်ပြီး စော်ကားဖို့ မဟုတ်တော့ဘူး။ အခွင့်ထူးခံ ဘဝမှာ ဘုရား ဆက်ထူးနေဖို့တော့ မဟုတ်တော့ဘူး။ လက်အုပ်ချီခံနေပြီး တစ်ဆွေလုံး တစ်မျိုးလုံးပိုင်တဲ့ တိုင်းပြည်လို ဆက်ပြုမူနေဖို့တော့ မဟုတ်တော့ဘူး။ ဒီလောက်တော့ ခမျာများလည်း သိသင့်ပါတယ်။ သိနိုင်လောက်တဲ့ ဉာဏ်ရည်နဲ့ သိနိုင်လောက်တဲ့ စိတ်နှလုံး ရှိပါစေ ဆုတောင်းပါတယ်။ အဝိဇ္ဇာတွေကို အချိန်မီ ပယ်သတ်နိုင်ပါစေဗျာ။”
“ကျွန်တော်တို့ လုံလောက်အောင် သတ္တိရှိပါတယ်။ ကျွန်တော်တို့ ပါးကို ရိုက်ခဲ့တဲ့ လက်တွေကို အပြုံးနဲ့ပဲ ပြန်လက်ကမ်းနိုင်တဲ့အထိ သတ္တိရှိပါတယ်။ ဒီအတိုင်းပဲ .. လိုအပ်ရင် ပါးကို ဆက်ထိုးပေးဖို့ ၊ သို့မဟုတ်လည်း လိုအပ်တဲ့ အခြေအနေအတိုင်း သတ္တိကောင်းဖို့ ကျွန်တော်တို့က လုံလောက်ပါတယ်။ ကျွန်တော်တို့လောက် သတ္တိ မကောင်းနိုင်ရင်တော့ သူတို့မြန်မြန်ပဲ လိမ္မာလိုက်ကြတာက အားလုံး အကျိုးရှိပါလိမ့်မယ်။”
အေးချမ်းမွန် Credit To > The Voice Weekly
Post a Comment