မန္တလေး၊ နိုဝင်ဘာ ၁၄
အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ် အသီးသီးမှ ၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ် တတိယနှစ် စာမေးပွဲ ဖြေဆိုခဲ့ပြီး ကျရှုံးသော ကျောင်းသား၊ ကျောင်းသူများ ပညာသင်နှစ် တိုး မတိုး အစီအစဉ် အသေးစိတ်ကို ဒီဇင်ဘာလအတွင်း သိရမည် ဖြစ်ကြောင်း မန္တလေး ရတနာပုံ တက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဦးအောင်ကိုဦးက The Voice သို့ ပြောကြားသည်။
“တတိယနှစ်ကျတဲ့ ကျောင်းသားတွေက ပညာသင်နှစ် သုံးနှစ် တက်ရမှာလား၊ လေးနှစ် တက်ရမှာလား ဆိုတာ ခုထိတော့ ဘာမှ မသိရသေးပါဘူး။ ဘာညွှန်ကြားချက်မှတော့ မလာသေးပါ” ဟု မန္တလေး ရတနာပုံ တက္ကသိုလ် ကထိကတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ တတိယနှစ် စာမေးပွဲ ကျရှုံးသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တတိယနှစ် စာမေးပွဲ ပြန်ဖြေပြီး အောင်မြင်ပါက ကျောင်းပြီးမည် သို့မဟုတ် စတုတ္ထနှစ်အထိ ကျောင်းဆက်တက်ရမည် မတက်ရမည်ကို သဲသဲကွဲကွဲ မသိရသေးကြောင်း ရတနာပုံတက္ကသိုလ် တတိယနှစ် (သင်္ချာ) ကျောင်းသားတစ်ဦးက ပြောကြားသည်။
တတိယနှစ်တွင် နောက်ဆက်တွဲ ပြန်ဖြေရမည့် ကျောင်းသားသည် ဆက်ဖြေရမည် ဖြစ်ပြီး အောင်မြင်ပါက ကျောင်းပြီးသွားမည် ဖြစ်ကာ တတိယနှစ် လုံးဝကျသည့် ကျောင်းသား၊ ကျောင်းသူများသည် ပညာသင်နှစ် တစ်နှစ်တိုးမည့် အစီအစဉ်တွင် အကျူံးဝင်သွားမည် ဖြစ်ကြောင်း အသေးစိတ်ကိုမူ ဒီဇင်ဘာလအတွင်းမှ သိနိုင်မည် ဖြစ်ကြောင်း ဦးအောင်ကိုဦးက ထပ်မံ ပြောကြားသည်။
အဆင်မြင့်ပညာ ဦးစီးဌာနအောက်ရှိ တက္ကသိုလ် ပညာသင်နှစ်များကို ၂၀၁၃-၂၀၁၄ ခုနှစ်မှ စ၍ သုံးနှစ်တက် အစီအစဉ်မှ လေးနှစ်တက်ရမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။
အေးချမ်းမွန် Credit To > The Voice Weekly
Post a Comment