0

ACM Re-Post 29-5-2014

လက်ရှိ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် ထင်သလောက် ခရီးမပေါက်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေသည်။ ထင်သာမြင်သာ ရှိသည်မှာ သမ္မတကိုယ်တိုင် ပြောဆိုထားသည့် ကတိကဝတ်များ အကောင်အထည်ဖော်မှု အားနည်းနေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရပါက နားထောင်၍ ကောင်းသော မိန့်ခွန်းများကို အထက်မှ အောက်ခြေ အဆင့်ဆင့်အထိ အကောင်အထည်ဖော်ရာတွင် ဟန်ပြ၊ ရုပ်ပြ၊ မည်ကာမတ္တ ဆောင်ရွက်မှုသာ ရှိပြီး သွယ်ဝိုက် ပိတ်ပင်သည်များ ရှိနေခြင်း ဖြစ်သည်။

သမ္မတ ကိုယ်တိုင်သည်ပင် အားတက်ရွှင်လန်းဖွယ် မိန့်ခွန်းများ ပြောကြားရုံသာ ရှိပြီး လက်တွေ့နယ်ပယ်တွင် သြဇာသက်ရောက်မှု မရှိဟု သုံးသပ်မှုများလည်း သက်တမ်း သုံးနှစ်ကျော် ကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက် ရှိသည်။

လက်ရှိ စနစ်သစ်၏ အာဏာသုံးရပ်စလုံးတွင် နေရာယူထားကြသူ အများစုမှာ ယခင် စနစ်ဟောင်းမှ လူဟောင်းများသာ ဖြစ်သည်။ ထိုအတွက် အဓိက ပြဿနာမှာ ကြုံလာသမျှ အရေးကိစ္စများအပေါ် ၎င်းတို့၏ ရှုမြင်ချဉ်းကပ်မှု၊ သုံးသပ် ကောက်ချက်ချမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုတို့မှာ ယခင် စနစ်ဟောင်းအတိုင်း ဖြစ်နေခြင်းပင်။

အခြားတစ်ဖက်တွင်လည်း အထက်ပါ အခြေအနေများကို အကြောင်းပြုကာ နှစ်များစွာ ဖိနှိပ်မှုများကြောင့် မကျေနပ်ချက်၊ ဒေါသ၊ အလိုမကျမှုများ မျိုသိပ်ထားခဲ့ရသည့် ပြည်သူလူထု၏ အင်အားဖြင့် တွန်းအားပေး လာခြင်းမှာလည်း ဒီမိုကရေစီကို မယုံကြည်ခဲ့သော အင်အားစု တစ်ရပ်ကို အကျပ်ကိုင် ဖိအားပေးသကဲ့သို့ ဖြစ်သွားနိုင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် စိတ်ပါလက်ပါ လက်ခံပါဝင်ရန် လက်တွန့်သွားနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

လက်ရှိ အခြေအနေအပေါ် တတ်နိုင်သမျှ ဘက်လိုက်မှု နည်းနည်းဖြင့် ပကတိအခြေအနေကို ယထာဘူတကျကျ ဆန်းစစ် ဝေဖန်သူများပင်လျှင် နှစ်ဖက်စလုံး အပေါ်တွင် အားမလိုအားမရ ဖြစ်လာသည့် အသံများလည်း ကြားနေရသည်။ အကြောင်းမှာ နှစ်ဖက်စလုံးတွင် စိတ်ဒဏ်ရာ၊ လက်စားချေလိုမှု၊ နောက်ကျော မလုံခြုံမှု၊ အာဏာမက်မောမှု၊ အပေါ်စီးရလိုမှု၊ ကိုယ်ကျိုးစီးပွား ကာကွယ်လိုမှုနှင့် အကျင့်ပျက်ခြစားမှုများ အရင့်အမာ တည်ရှိနေသောကြောင့် ဖြစ်သည်။

ဤအခြေအနေကို အညာဒေသရှိ ထန်းတက်လုပ်ငန်းဖြင့် ဥပမာ ပေးလိုပေသည်။ ထန်းတက်ရာတွင် ထန်းရည်ခံသော အိုးများတွင် အခါးဓာတ် အလျင် ရှိနေသောကြောင့် ထန်းရည် အချိုခံလိုပါက အိုးများကို မီးဖုတ်ပေးရသည်။ မီးမဖုတ်သော အိုးဖြင့် ထန်းရည်ခံပါက ထန်းရည် အခါးသာ ရနိုင်သည်။

စနစ်ပြောင်း၊ လူမပြောင်းဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အကောင်အထည် ဖော်နေသော လက်ရှိ မြန်မာ့နိုင်ငံရေးတွင်လည်း ဗျူရိုကရေစီယန္တရား အပါအဝင် နယ်ပယ်အသီးသီး၊ အင်အားစု အမျိုးမျိုးထံတွင် အလျင်ပေါက်နေသော အိုးများစွာ ရှိနေရာ ယင်းအိုးများကို မီးပြင်းပြင်းဖြင့် ဖုတ်ပေးမှသာ ထန်းရည် အချိုရနိုင်မည် ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၂၉-၅-၂၀၁၄)

Aye Chan Mon Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top