Created on Wednesday, 30 October 2013 23:56
မြန်မာကုမ္ပဏီများ မှတ်ပုံတင်ရန် သတ်မှတ်ထားသည့် မတည်ငွေရင်းနှင့် ကနဦးထည့်ဝင်ငွေများ ကန့်သတ်ထားမှုအပေါ် ပြည်ထောင်စု အစိုးရအဖွဲ့က ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ကျင်းပသည့် အစည်းအဝေး ဆွေးနွေးချက်မှ ပယ်ဖျက်ပေးလိုက်ကြောင်း ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုး တိုးတက်ရေး ဆပ်ကော်မတီ၏ အောက်တိုဘာ ၃၀ ရက်ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ရာတွင် ရောင်းဝယ်ရေး လုပ်ငန်းများအတွက် မတည်ငွေရင်း ကျပ်သန်း ၁၀၀ နှင့် ကနဦး ထည့်ဝင်ငွေ ကျပ်ငါးသန်း၊ ၀န်ဆောင်မှု လုပ်ငန်းများအတွက် မတည်ငွေရင်း ကျပ်သန်း ၁၀၀ နှင့် ကနဦး ထည့်ဝင်ငွေ ကျပ်ငါးသန်း၊ ခရီးသွား လုပ်ငန်းများအတွက် မတည်ငွေရင်း ကျပ်သန်း ၁၀၀ နှင့် ကနဦး ထည့်ဝင်ငွေကျပ် ငါးသန်း၊ ကျောက်မျက် လုပ်ငန်းများအတွက် မတည်ငွေရင်း ကျပ်သန်း ၁၀၀ နှင့် ကနဦး ထည့်ဝင်ငွေ ကျပ်ငါးသန်း၊ ဟိုတယ်လုပ်ငန်းများအတွက် မတည်ငွေရင်း ကျပ်သန်း ၅၀၀ နှင့် ကနဦးထည့်ဝင်ငွေ ကျပ်သန်း ၅၀၊ စက်မှုလက်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများအတွက် မတည်ငွေရင်း ကျပ်သန်း ၅၀၀ နှင့် ကနဦး ထည့်ဝင်ငွေ ကျပ်သန်း ၅၀ နှင့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် မတည်ငွေရင်း ကျပ်သန်း ၅၀၀ နှင့် ကနဦးထည့်ဝင်ငွေ ကျပ်သန်း ၅၀ သတ်မှတ်ထားပြီး အဆိုပါ သတ်မှတ်ငွေများကို ပယ်ဖျက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ သတ်မှတ်ထားသော်လည်း လုပ်ငန်းအမျိုးအစား ခွဲခြားသတ်မှတ်မှုအား ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ စတင်၍ ပယ်ဖျက်ပေးထားကြောင်းလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။
မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းပေါင်း တစ်သိန်းနှစ်သောင်းကျော်အထိ ရှိနေသော်လည်း မှတ်ပုံတင်ကြေး၊ မတည်ငွေရင်း တင်ပြရမှု၊ ကနဦး ထည့်ဝင်ငွေ စသည့် အထောက်အထားများကြောင့် တရားဝင် မှတ်ပုံတင်သည့် စက်မှုလုပ်ငန်းပမာဏမှာ ခြောက်သောင်းကျော်သာ ရှိနေကြောင်း သိရသည်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပိုမိုလုပ်သာ ကိုင်သာရှိစေရန်နှင့် နိုင်ငံတကာ ကုန်သွယ်မှု လုပ်ငန်းများတွင် ပိုမိုဝင်ရောက်နိုင်စေရန် မြန်မာကုမ္ပဏီများအပေါ် မတည်ငွေရင်းနှင့် ကနဦး ထည့်ဝင်ငွေများ ပယ်ဖျက်ပေးခဲ့သော်လည်း ကုမ္ပဏီများ မှတ်ပုံတင်ရာတွင် ပေးအပ်သည့် မှတ်ပုံတင်ကြေးမှာလည်း အသေးစား လုပ်ငန်းရှင်များအတွက် အဟန့်အတား ဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသည့် မြန်မာကုမ္ပဏီပေါင်း ၃၀၀၀၀ ကျော်အထိ ရှိနေပြီး အများပိုင် ကုမ္ပဏီပေါင်း ၁၀၀ ၀န်းကျင်ခန့်အထိ ရှိနေကြောင်းလည်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက် များအရ သိရသည်။
မြန်မာနိုင်ငံရှိ ကုမ္ပဏီများအား နိုင်ငံတကာနှင့် ယှဉ်ပြိုင် လုပ်ဆောင်ရမည့် ငွေကြေးဈေးကွက်နှင့် ပြောင်းလဲတိုးတက်လာနေသည့် ဈေးကွက်စနစ်နှင့် ကိုက်ညီစေရန် ၁၉၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ၏ ကုမ္ပဏီများ အက်ဥပဒေအား ပြင်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
ယခုအခါ ကုမ္ပဏီများ အက်ဥပဒေကို ပြင်ဆင်ရန် ဆွေးနွေးလျှက်ရှိပြီး ၂၀၁၄ ခုနှစ် အကုန်တွင် နောက်ဆုံးထား ထုတ်ပြန်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
အေးချမ်းမွန် Credit To > Eleven Media Group
Post a Comment