0

လွိုင်ကော်မြို့တွင် စက်တင်ဘာ ၉ ရက်က ပန်းရဲ့လမ်း အဖွဲ့မှ NLD အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးသီချင်းများ သီဆိုနေစဉ် (ဓာတ်ပုံ-မခိုင်)
ကယားပြည်နယ်အတွင်း၌ ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ပြိုင်မည့် NLD ပါတီကိုယ် စားလှယ်လောင်းများအတွက်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယနေ့ (စက်တင်ဘာ ၁၀ ရက်) တွင် မဲဆွယ်စည်းရုံးပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် လေယာဉ်ဖြင့် ကယားပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ရောက်ရောက်ချင်းမှာ ဖရူဆိုရယ်၊ ဒီမောဆိုရယ်၊ ဘောလခဲရယ် အဲဒီမြို့နယ် သုံးခုသွားမယ်။ ဘောလခဲမှာ ညအိပ်မယ်။နောက်တစ်နေ့ (၁၁-၉-၂၀၁၅ ) ရက်ကျရင် ဖားဆောင်းနဲ့ လွိုင်ကော်မှာ ပြောပြီးတော့ လွိုင်ကော်မှာညအိပ်မယ်။ နောက်တစ်နေ့ (၁၂-၉-၂၀၁၅ ) ရက် ရှားတောမြို့ကို သွားမယ်။ ပြီးတာနဲ့ လေယာဉ်ပျံနဲ့ ရန်ကုန်ပြန်လာမယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်ထိန်းက The Daily Eleven သတင်းစာ ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်သို့ သွားရောက်ရခြင်းနှင့်ပတ်သက်၍  “အဲဒီမှာရှိတဲ့ ကိုယ်စားလှယ်တွေအတွက် မဲပေးကြပါလို့ ဆော်သြမှာပဲ”ဟု ဦးဝင်းထိန်က ပြောကြားသည်။
“မယ်စဲ့မြို့တော့ ဝေးလို့မရောက်တော့ဘူး။ မယ်စဲ့ကလူတွေက ဖားဆောင်းမှာလာပြီး စုဝေးမယ်။ ခုနစ်မြို့နယ်မှာ ခြောက်မြို့နယ် ရောက်မယ်”ဟု ဦးဝင်းထိန်က ပြောကြားသည်။
“ဒီခရီးစဉ်ပြီးတာနဲ့ နေပြည်တော်ပြန်ရဦးမယ်။ နေပြည်တော်မှာ ပါတီဥက္ကဋ္ဌတွေက မဲဆွယ်တဲ့ မိန့်ခွန်းကို အသံသွင်းရမယ်။ အဲဒါပြီးတာနဲ့ ရမည်းသင်းမြို့ကိုသွားမယ်” ဟု ဦးဝင်းထိန်က ဆက်လက်ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီးမြို့၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ  ဟိုပုံးမြို့၊ ဆီဆိုင်မြို့များသို့ သွားရောက်ကာ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် အစိုးရဖွဲ့နိုင်ပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အမြန်ဆုံးစတင်မည်ဖြစ်ပြီး တိုင်းရင်းသားများနှင့် ဖြောင့်ဖြောင့်တန်းတန်းပွင့်လင်းစွာ ဆက်ဆံမည်ဖြစ်ကာ ကတိပျက်သည့်အဖွဲ့ မဖြစ်စေရကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ်ခရီးစဉ်အတွင်း ကတိပေးပြောကြားထားသည်။ လွိုင်ကော်မြို့တွင် စက်တင်ဘာ ၉ ရက်မှ စတင်၍ ပန်းရဲ့လမ်းအဖွဲ့မှ မြို့တွင်းလှည့်လည်ပြီး NLD အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးသီချင်းများ သီဆိုကြသည် ဟု သိရသည်။
Writer: 
မျိုးမင်းထက်

http://news-eleven.com/

Post a Comment

 
Top