မော်လမြိုင် စက်တင်ဘာ ၉
မော်လမြိုင်မြို့၌၀ါဆိုကာလအတွင်း ဆိုင်ကယ်စီးခြင်း၊ ကားမောင်းခြင်း၊ မလျော်မကန် အလှူခံခြင်းတို့ကြောင့် သံဃာတော် စည်းကမ်းထိန်းအဖွဲ့က သံဃာ ၁၇ ပါးအား အရေးယူဒဏ်ဆောင်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် သံဃာနာယကအဖွဲ့မှ သတင်းရရှိသည်။
“အချို့မြို့နယ်တွေမှာ သံဃာမောင်းတဲ့ ဆိုင်ကယ်၊ ကားတွေ မတော်တဆတိုက်ခိုက်မှုဖြစ်ပြီး သေဆုံးမှုတွေဖြစ်တဲ့အပေါ် လူဝတ်လဲ အမှုရင်ဆိုင်ရတာမျိုးဖြစ်တော့ သံဃာအဖွဲ့ဗဟိုကနေ စည်းကမ်းထိန်းဖို့ညွှန်ကြားလာပါတယ်။ ဒီမှာလည်း ပြည်နယ်က ထပ်ညွှန်ကြားလာတော့ ဆရာတော်တွေ ဆက် စပ်တဲ့ဌာနတွေပါတဲ့ အစည်းဝေးခေါ်ပြီး ခုလို ၀ါတွင်းကာလမှာ ၁၀ ကြိမ်လှည့်လည် စည်းကမ်းထိန်းဖို့ ဆုံးဖြတ်ကြပါတယ်။ အရင်နှစ်တွေမှာတော့ ကျောင်းထိုင်ဆရာတော်တွေ လက်မှတ် ၀န်ခံကတိထိုးပြီး ကား၊ ဆိုင်ကယ် ပြန်ပေးလိုက်ပါတယ်။ မထိရောက်ဖူး ဖြစ်နေတော့ ဒီနှစ်မှာ ပထမတစ်ကြိမ် ဒဏ်ငွေ ငါးသောင်း၊ ဒုတိယထပ်ဖြစ်ရင် တစ်သိန်း၊ တတိယဆိုရင် တစ်သိန်းခွဲနဲ့ စီးတဲ့ကား။ဆိုင်ကယ်ကို ဌာနကိုအပ်၊ လူဝတ်လဲ၊ အမှုရင်ဆိုင်ဖို့ အဲဒီလိုဆုံးဖြတ်ထားပါတယ်”ဟု မော်လမြိုင်မြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသာသနက မိန့်ကြားသည်။ ယင်းဂိုဏ်းပေါင်းစုံ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဆရာတော်များညှိနှိုင်းသည့် အစည်းအဝေးမှတ်တမ်း (၁/၂၀၁၅)ကို မွန်ပြည်နယ် မြို့နယ်၁၀ မြို့နယ်သို့ အရေးယူလုပ်ဆောင်မည့် အခြေနေများကိုသိရှိရန် ဖြန့်ဝေထားသည်ဟု သိရသည်။
အရေးယူမှုမှတ်တမ်းများအရာ ယခုနှစ်တွင် သာမဏသာရုပ္ပမဖြစ်သော မလျော်မကန် အလှူခံမှုသုံးမှု၊ ဆိုင်ကယ်ကိုယ်တိုင်မောင်းသုံးမှု၊ မော်တော်ယာဉ် ကိုယ်တိုင်မောင်း ၁၀မှု၊ လက်ဖက်ရည်ဆိုင်ထိုင်မှုတစ်မှု၊ ပေါင်း ၁၇ ကို အရေးယူဒဏ်ဆောင်ခဲ့ကြောင်း သိရသည်။
ဒဏ်ဆောင်ငွေများကို ပြည်နယ်သံဃနာယကအဖွဲ့သို့ ပေးဆောင်ပြီး၊ ၀န်ခံကတိ လက်မှတ်ထိုး ကား၊ ဆိုင်ကယ်တို့ကို ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ စစ်ဆေးရေးအဖွဲ့ကို တစ်ကြိမ်လျှင် သုံးဖွဲ့၊ ကားသုံးစီးဖြင့် မော် လမြိုင်မြို့နယ် ၀င်၊ ထွက်ပေါက်၊ အချက်အခြာနေရာများတွင် စောင့်ကြည့်လေ့ရှိရာ အဆိုပါ ကားများတွက် စရိတ်၊ ၀န်ဆောင်ဆရာတော်များ၏ ကြိုပို့၊ အထွေထွေစရိတ်များတွက် ဒဏ်ဆောင်ငွေများမှ သုံးစွဲသည်ဟု သိရသည်။ မော်လမြိုင်မြို့နယ်တွင် ၀ါဆို သံဃာ စာရင်းတွင် ကျောင်းတိုက်ပေါင်း ၃၀၅၊ ရဟန်း ၂၈၆၆ ပါး၊ သာမဏေ ၂၈၀၆ ပါး၊ ပေါင်း ၅၆၇၂ ရှိပြီး ကျူးကျော်ကျောင်းပေါင်း ၅၄ ကျောင်းရှိသည်ဟု သိရသည်။
Writer:
မောင်မောင်ရွှေမြိုင်
http://news-eleven.com/
Post a Comment