0



ရန်ကုန်၊ စက်တင်ဘာ ၉
မလေးရှားနိုင်ငံတွင် တောင်းရမ်းခိုင်းရန်အတွက် အသက် ၈ နှစ်မှ ၁၄ နှစ်ကြားရှိ ကလေးများကို လူကုန်ကူးနေသည့်ဂိုဏ်းတွင် ပါဝင်သော လင်မယားနှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် စက်တင်ဘာလ ၇ ရက်နေ့က ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့လယ်ရှိ KFC ဆိုင်အနီးတွင် ငွေတောင်းရမ်းသော ကလေးတစ်ဦးက မြန်မာအမျိုးသားတစ်ဦးကို ၎င်းကိုကယ်တင်ပေးရန် အကူအညီတောင်းရာမှ အဓမ္မစေခိုင်းနေတဲ့ ဂိုဏ်းအဖွဲ့ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအဖွဲ့တွင် မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ပုန်းခိုနေသူများလည်း ပါဝင်နေသောကြောင့် ဖမ်းဆီးပေးရန် ယင်းနိုင်ငံမှ ရဲတပ်ဖွဲ့ထံ အကူအညီ တောင်းခံထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဗိုလ်ဥတ္တမလမ်းတွင် နေထိုင်သော အသက် ၄၅ နှစ် အရွယ်ရှိ ဦးဟိန်းကို (ခ) ယူနွတ် (ခ) နှုတ်ခမ်းမွှေး (ခ) ဝင်းအောင်နှင့် ၎င်း၏ဇနီး အသက် ၃၈ နှစ် အရွယ်ရှိ ဒေါ်အေးအေးရီ (ခ) ဟာစီနားတို့က မလေးရှားနိုင်ငံတွင် ဝင်ငွေကောင်းသော အလုပ်အကိုင် ရှာဖွေပေးမည်ဟု ဆိုကာ ယင်းကလေးများကို လွန်ခဲ့သော လေးနှစ်ခန့်က ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ ယင်းနောက် အဓမ္မ ငွေတောင်းခိုင်းနေခြင်း ဖြစ်ကြောင်း ဒလမြို့မ ရဲစခန်းထံမှ သိရှိရသည်။
“တစ်နေ့ကို မလေးရှားပိုက်ဆံ ရင်းဂစ် ၁၅၀ မအပ်နိုင်ရင် ရိုက်နှက်ပြီး ထမင်းမကျွေးဘူး၊ ခြေလက်တွေကို ဖြတ်ပစ်ပြီး တောင်းရမ်းခိုင်းမယ် ပြောတယ်၊ ထွက်ပြေးဖို့ ကြိုးစားပေးမယ့် သူတို့အဖွဲ့က အချိန်ပြည့် နေရာအနှံ့မှာ စောင့်ကြည့်နေလို့ သူတောင်းစားဘဝကို သုံးနှစ်ကျော်လောက် လုပ်ခဲ့ရတာ” ဟု ပြန်လည်လွတ်မြောက်လာသည့် သန်လျင်တွင် နေထိုင်သော အသက် ၉ နှစ် အရွယ်ရှိ ယောက်ျားလေးတစ်ဦးက ပြောပြသည်။
ယင်းအဓမ္မ စေခိုင်းခံရသည့် ကလေးသူငယ်များမှာ ရန်ကုန်တိုင်းဒေသကြီးရှိ ဒေါပုံ၊ ဒလ၊ သန်လျင်နှင့် တွံတေးမြို့နယ်တို့တွင် နေထိုင်သော အသက် ၈ နှစ်မှ ၁၄ နှစ်ကြားရှိ မိန်းကလေးငယ်တစ်ဦး အပါအဝင် ကိုးဦးဖြစ်ကြောင်း၊ ဒလမြို့နယ်တွင် နေထိုင်သော ဇနီးမောင်နှံက ရန်ကုန်မှ ကော့သောင်းသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ထိုင်းနိုင်ငံ ရနောင်းဘက်သို့ တရားမဝင်လမ်းကြောင်းမှ ဖြတ်သန်းကာ မလေးရှားနိုင်ငံသို့ ခိုးဝင်ရောက်ခဲ့ပြီး ကွာလာလမ်ပူမြို့တွင် ကလေးများကို တောင်းရမ်းခိုင်းခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
“ပိုက်ဆံတောင်းဖို့ မလေးရှား ဘာသာစကားကို သင်ပေးပြီး ကွာလာလမ်ပူမြို့လယ်က လူစည်ကားရာ လမ်းမတွေနဲ့ ကုန်တိုက်နားတွေမှာ ကလေးတွေကို လိုက်လံတောင်းရမ်းခိုင်းတယ်။ ညနေခြောက်နာရီ ရောက်ရင် ကားနဲ့ပြန်လာခေါ်ပြီး အိမ်ထဲမှာ သော့ခတ်ပိတ်ထားတယ်၊ ကလေးတွေကို ပြန်ကယ်နိုင်ခဲ့တယ်၊ ပြစ်မှုကျူးလွန်ရာမှာ အဓိက စေခိုင်းသူဖြစ်တဲ့ မလေးရှားနိုင်ငံမှာ နေတဲ့သူတွေကိုတော့ လတ်တလော မမိသေးဘူး” ဟု ယင်းအမှုကို စုံစမ်းဖော်ထုတ်နေသော ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ကလေးများကို တောင်းရမ်းခိုင်းသူ အဖွဲ့တွင် ပါဝင်သော ဒလမြို့နယ်မှ ဇနီးမောင်နှံနှစ်ဦးကို စက်တင်ဘာလ ၇ ရက်နေ့က နေအိမ်တွင် ဖမ်းမိခဲ့ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် ဒလမြို့မ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း၊ ကျန်လွတ်မြောက်နေသည့် မလေးရှားနိုင်ငံတွင် နေထိုင်သော ကိုအလီ (ခ) ထွန်းသိန်း (ခ) ထွန်းထွန်းနှင့် ၎င်း၏ဇနီး မအေးသန္တာ (ခ) ရှဖီရားတို့ကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ ရှစ်လအတွင်း မြန်မာနိုင်ငံတွင် လူကုန်ကူးမှု ၈၂ မှု ဖြစ်ပွားခဲ့ရာ ၄၄၄ ဦး လူကုန်ကူးခံရကြောင်း၊ လူကုန်ကူးမှုဖြစ်စဉ်များတွင် ကလေးသူငယ် လူကုန်ကူးခံရမှု ၂၃ မှုအထိ ပါဝင်ခဲ့ပြီး လူကုန်ကူးခံရသည့် ကလေးသူငယ် အများစုမှာ အဓမ္မစေခိုင်းခံရပြီး ကလေးရောင်းစားမှုနှင့် ကလေးမွေးစားမှုများလည်း ပါဝင်ကြောင်း မှုခင်းဖြစ်စဉ်များအရ သိရှိရသည်။

Post a Comment

 
Top