အမေရိကန် ရွေးကောက်ပွဲတွင် ရုရှား၏ မသမာသော အကူအညီဖြင့် အနိုင်ရခဲ့သည်ဟု ယူဆရကြောင်း မှတ်ချက်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ CIA ထောက်လှမ်းရေး ဌာနကို ဒေါ်နယ်လ်ထရမ့်၏ ကိုယ်စားလှယ် အဖွဲ့က ဝေဖန် ပြစ်တင်သွားခဲ့သည်။
ပြီးဆုံးသွားသည့် နိုဝင်ဘာ ရွေးကောက်ပွဲအတွင်း မဲရလဒ်များနှင့် ပတ်သက်၍ ရုရှားက ဆိုက်ဘာနည်းလမ်းဖြင့် ကြားဝင် ခြယ်လှယ်ခဲ့သည်ဟု ယူဆရကြောင်း ဒီဇင်ဘာ ၉ ရက်တွင် CIAက မှတ်ချက်ပေးခဲ့သည်။ ထရမ့်၏ ရုံးအဖွဲ့က CIA၏ အဆိုကို ပြက်ရယ်ပြုခဲ့ပြီး ထရမ့်သည် မှန်ကန်ခိုင်မာစွာ အောင်ပွဲရခဲ့ခြင်းဟု တုံ့ပြန်ခဲ့သည်။
“ဒီလူတွေပဲ (CIAကို ရည်ညွှန်းသည်) အီရတ်မှာ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ ရှိတယ်ဆိုပြီး သတင်းမှားတွေ ထောက်လှမ်းလာတာလေ။ ရွေးကောက်ပွဲဟာ ပြီးခဲ့တာ ကြာပါပြီ။ သမိုင်းမှာ အကြီးမားဆုံး ရွေးကောက်ပွဲ ကိုယ်စားလှယ် အရေအတွက် ရရှိမှု တစ်ခုနဲ့ မစ္စတာထရမ့်က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ နောက်ကြောင်းလှန်မနေဘဲ အမေရိကန်ကို တစ်ကျော့ပြန် ကြီးမြတ်လာအောင် လုပ်ဆောင်သင့်ပါပြီ”ဟု ထရမ့်၏ ကိုယ်စားလှယ်များက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
CIA အရာရှိ တစ်ဦးက “ရရှိထားတဲ့ ထောက်လှမ်းရေး အချက်အလက်တွေအရ ရုရှားရဲ့ ရည်မှန်းချက်ဟာ အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတလောင်းတစ်ယောက် အသာစီး ရရှိစေဖို့ ကြိုးစားပေးခဲ့ဟန် ရှိပါတယ်။ မစ္စတာထရမ့် အနိုင်ရဖို့ အတွက်ပေါ့”ဟု ပြောကြားခဲ့ကြောင်း အစောပိုင်းက Washington Post သတင်းစာတွင် ဖော်ပြခဲ့သည်။
ထရမ့်သည် ၎င်းအတွက် ရုရှား Hackerများက ရွေးကောက်ပွဲတွင် အကူအညီ ပေးခဲ့သည်ဟု ယူဆရကြောင်း ခန့်မှန်း စွပ်စွဲမှုများကို အစဉ်တစိုက် ငြင်းဆန်ခဲ့ပြီး ဖြစ်သည်။
Ref: CNN
http://www.7daydaily.com/story/83149
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.