0

ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ငါးဆယ်ခန့်သာ လိုတော့သည့်အတွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီအသီးသီး ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှုများ အရှိန်မြင့်တက်လျက် ရှိသည့် အလျောက် ဥပဒေနှင့်မလွတ်ကင်းသည့် အငြင်းပွားဖွယ် မဲဆွယ်စည်းရုံးမှု အချို့ကိုလည်း တွေ့မြင်ကြရသည်။
ထို့အတူ ရွေးကောက်ပွဲမတိုင်မီ အဓိကနိုင်ငံရေး ဇာတ်ဆောင်များ အကြား၊ အင်စတီကျူးရှင်းများ အကြား၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းများအကြား၊ ပြည်သူလူထု အကြား မလိုလားအပ်သည့် အထင်အမြင်လွဲ၊ နားလည်မှု အလွဲများနှင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာစေရန် တမင်ရည်ရွယ်ချက်ဖြင့် လူထုနှင့် မီဒီယာများကို လမ်းကြောင်း လွှဲလိုဟန်ရှိသော ပြဿနာကြိုးစများ ကိုလည်း တွေ့မြင်နေရပေသည်။
အာဏာရပါတီ ရှင်သန်ရပ်တည်ရေး အတွက် မဖြစ်မနေ လိုအပ်သည့် မဲအရေအတွက် ရရှိရန် ပုံမှန်နိုင်ငံရေး လမ်းကြောင်းအပြင် ပုံမှန်မဟုတ်သည့် နည်းလမ်းများ အသုံးပြု၍လည်း မဲဆွယ်၊ မဲဝယ်မှုများနှင့် မဲမသမာမှုများ ကျူးလွန် လာနိုင်သည်ကိုလည်း နိုင်ငံရေးလောက အတွင်း ရှိသူများ၊ နိုင်ငံရေး လေ့လာသုံးသပ်သူများသာမက ပြည်သူလူထုများ ကပါ ရိပ်စားမိထားကြပြီး ဖြစ်သည်။
ဆိုလိုသည်မှာ အာဏာရပါတီကို တိုက်ရိုက် ကိုယ်စားမပြုသော်လည်း သွယ်ဝိုက်ပတ်သက်မှု ရှိနိုင်သော အဆွယ်အပွား ပါတီများဖြင့် မဲပေးသူများ ဒွိဟဖြစ်သွားစေမည့် လှုပ်ရှားမှုများ၊ ဘာသာရေး၊ လူမျိုးရေး ဗန်းပြကာ ပြိုင်ဘက် ပါတီ၊ ပါတီခေါင်းဆောင်နှင့် ကိုယ်စားလှယ်လောင်းများအပေါ် အောက်လမ်းနည်းဖြင့် တိုက်ခိုက်ခြင်း၊ ပုဂ္ဂိုလ်ရေးလုပ်ကြံခြင်း များဖြင့်လည်း မဲဆွယ်ခြင်း၊ မဲမရရှိစေရန် နှောင့်ယှက်ခြင်းများလည်း ရှိလာမည်ကို ဆိုလိုသည်။
အထူးသဖြင့် အခြေခံနိုင်ငံရေးအသိ၊ စဉ်းစားချင့်ချိန် သုံးသပ်နိုင်မည့် လုံလောက်သော အသိပညာ၊ အတန်းပညာ အားနည်းချက် ရှိနေသော အခြေခံ လူတန်းစားအချို့ကို ဘာသာရေးမှိုင်းဖြင့် ပြိုင်ဘက်ကို အပုပ်ချတိုက်ခိုက် မဲဟန့်တားကာ ၎င်းတို့ ထောက်ခံသောပါတီ မဲရရှိစေရန် ကြိုးစားလှုပ်ရှားမှုများက ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင် နေပေသည်။
သို့သော် ယင်းသို့ လူသိရှင်ကြား ထင်းလင်းစွာ ပြောဆိုစည်းရုံးလှုပ်ရှား နေမှုများ၊ ဘာသာရေးအစွန်းရောက် ဝါဒများဖြင့် အမုန်းစကားများ ပြောဆို ဖြန့်ချိနေသူ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအား ဥပဒေကြောင်းအရ ဟန့်တား၊ အရေးယူပေးရန် တိုင်ကြားမှုများ ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လျစ်လျူရှုနေခြင်းမှာ များစွာ မေးခွန်းထုတ်စရာ ရှိနေပေသည်။
ထို့အတူ အင်အားစုတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးဦး ဘက်ကို သိသိသာသာ မဲတင်းပေးပြီး ယင်းအင်အားစု၊ လူပုဂ္ဂိုလ်နှင့် ဆန့်ကျင်ဘက် အင်အားစု၊ လူပုဂ္ဂိုလ်များကို အမြဲလိုလို ဝေဖန်တိုက်ခိုက်ခြင်း၊ အများအထင်အမြင် လွဲသွားစေမည့် ပုဂ္ဂိုလ်ရေးလုပ်ကြံမှု ဆန်ဆန် ဆောင်းပါးများကို သတင်းမီဒီယာများပေါ် တင်ခြင်းတို့သည် မည်သူ့အတွက်မျှ အကျိုးမရှိ သည့်အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲတို့အပေါ် အများအထင်အမြင် လွဲမှုနှင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ်ကာ ပြိုင်ဘက်များ အပေါ် တိုက်ခိုက်မှု၊ မိမိကိုယ်ကျိုးစီးပွား၊ အတ္တအတွက် မီဒီယာကို လက်နက်သဖွယ် အသုံးချကာ တစ်ပါးသူများအပေါ် ပုဂ္ဂိုလ်ရေးလုပ်ကြံမှု တို့သည် ထိုသို့ပြုမူ ဆောင်ရွက်သူတို့၏ အတွင်းစိတ်ကို အများမြင်စေရန် ၎င်းတို့ကိုယ်တိုင် လှစ်ဟပြခြင်း သို့မဟုတ် မိမိတန်ဖိုးကို မိမိပြန်ချသည့် သဘော သက်ရောက်နေကြောင်းနှင့် ထိုသို့ ပြုမူဆောင်ရွက်သည့် စေတနာကံအတိုင်း တုံ့ပြန်အကျိုး ခံစားရမည် ဖြစ်ကြောင်း သိစေအပ်ပေသည်။
အယ်ဒီတာ (၂၂-၉-၂၀၁၅)
------------------------
Editorial, The Voice Daily Vol-3/No-144

Post a Comment

 
Top