“ကျုံဒိုးရှိ စာသင်ကျောင်းတွင် သောက်ရေအဆိပ်သင့်၍ ကျောင်းသား တစ်ရာကျော် ဆေးရုံတင်ထားရ”
ကရင်ပြည်နယ် နယ်ခြားစောင့် အဖွဲ့ကရင်ပြည်နယ် နယ်ခြားစောင့် အဖွဲ့
ကော့ကရိတ်မြို့နယ် ကျုံဒိုးတိုက်နယ်ရှိ စာသင်ကျောင်းတစ်ခုတွင် သောက်သုံးရေအဆိပ်သင့်ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၃၄ ဦး ဆေးရုံတက်ကုသနေရသည်ဟု သတင်းရှိသည်။
ကျုံးဒိုးတိုက်နယ် သရက်တောကျေးရွာမှ ကျောင်းသား ၂၉၉ ဦးပညာသင်နေသည့် အလယ်တန်းလွန်ကျောင်းတွင် ယနေ့(စက်တင်ဘာ၂၃) နံနက်ကျောင်းတက်ချိန်မတိုင်မီတွင် သောက်သုံးရေအဆိပ်သင့်ခဲ့ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ်ပညာရေးမှူး ဦးအောင်မောင်းက ပြောသည်။
" ကော့ကရိတ်ဆေးရုံမှာ ၆၉ ယောက် ကျုံးဒိုးတိုက်နယ် ဆေးရုံမှာ ၆၅ ယောက်။လောလောဆယ် စိုးရိမ်စရာမရှိသေးဘူးလို့ ပြောပါတယ်။ ဆရာဝန်တွေကတော့ စောင့်ကြည့်ရမယ့် အနေအထား ရှိပါတယ်" ဟု ဦးအောင်မောင်းက ပြောသည်။
ကျောင်းသား/သူများ အဆိပ်သင့်ရသည့်အကြောင်းရင်းမှာ ကျောင်းအနီး သောက်သုံးရေကန်အတွင်း ဒေသခံရွာသားအချို့က ဗျိုင်းထောင်ရာတွင်သုံးသည့် ပေါ်တက်ကို အသုံးပြုခဲ့ခြင်းကြောင့်ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
" ပညာရေးမှူးကို မေးကြည့်တဲ့အခါ သောက်သုံးရေထဲ ဗျိုင်းထောင်တာပေါ့နော်။ ပေါ်တက်အဆိပ်ရေနဲ့ထောင်တော့ ဒီ ရေကို သောက်မိတဲ့ ကျောင်းသားတွေ အဆိပ်မိတာလို့ သိရတယ်။ ဒီမှာ အရင်က အခုလိုမဖြစ်ဘူးတော့ ကျောင်းသား မိဘတွေက စိုးရိမ်နေကြတာပေါ့" ဟု သရက်တော ကျေးရွာသို့ ရောက်နေသည့် ဒေသခံသတင်းသမားတစ်ဦးက ပြောသည်။
အဆိုပါ ကျောင်းတွင် သူငယ်တန်းမှ နဝမတန်းအထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၉၉ ဦး ပညာသင်နေခြင်း ဖြစ်ကြောင်း ကော့ကရိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
ဆေးရုံတွင် ကုသမှုခံယူနေရသည့်ကျောင်းသားတစ်ဦး (ဓာတ်ပုံ-ကရင်ပြည်နယ်နယ်ခြားစောင့်အဖွဲ့ )
7Day News Journal
Post a Comment