0

လာမည့် ၂၀၁၆ ခုနှစ် ဘက်ဂျက်ရေးဆွဲရာတွင် အခြေခံပညာကဏ္ဍ၏ ဆရာ၊ ဆရာမ လစာများကို မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း မခွဲတော့ဘဲ တန်းတူပေးမည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိကြောင်း သိရသည်။
လူမှုကွန်ရက်များနှင့် ဆရာဆရာမများ ကြားထဲတွင် လာမည့်ပညာသင်နှစ်၌ လစာနှုန်းတူ ရရှိမည်ဆိုသော သတင်းများ ထွက်ပေါ်လျှက်ရှိနေပြီး ယင်းကဲ့သို့ ပြုလုပ်မည်ဆိုပါက ဆရာ၊ ဆရာမများမှာ သင်ကြားရေးပိုင်းတွင် ပေါ့လျော့မှုများ ရှိလာနိုင်သည့်အတွက် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းကို ဆရာ၊ ဆရာမများကို ဦးစွာချပြပြီးမှသာ ဆောင်ရွက်သင့်ကြောင့် ပညာရေးအရာရှိအချို့က ပြောကြားလိုက်သည် ။
“ဒီကိစ္စက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ တစ်ပြေးညီ သတ်မှတ်လိုက်မယ်ဆိုရင် ဆရာ၊ ဆရာမတွေကြားထဲမှာ ကမောက်ကမတွေ ဖြစ်ကုန်ပါလိမ့်မယ် ။ ပညာရေးလောက သက်တမ်းတစ်လျှောက်မှာလည်း ဒီလိုအခြေအနေဆိုတာ တစ်ခါမှ မရှိခဲ့ပါဘူး ။ နားစွန်နားဖြား ကြားပြီးတော့ ပြောနေကြတာလို့ ထင်ပါ ယ်” ဟု မြန်မာနိုင်ငံ ပညာရေး သုတေသနဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည် ။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အခြေခံပညာ ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် ယင်းကိစ္စသည် အကြံအဥာဏ် တောင်းခံဆဲ အဆင့်သာဖြစ်ပြီး အကောင်အထည် ဖော်မည်ဆိုပါက ဆရာ၊ ဆရာမများကို ဦးစွာချပြပြီး ယင်းတို့ သဘောတူမှသာ ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းဌာနမှ အရာရှိတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည် ။
“ဒီကိစ္စက ဆရာတွေကြားထဲမှာ တော်တော်လေး အပြောများနေကြပါတယ်။ တချို့ဆိုရင် အွန်လိုင်းပေါ်မှာ တင်ပြီးတော့ ဒီကိစ္စ လုပ်ဖြစ်မယ်ဆိုရင် အထက်တန်းပြကနေ မူလတန်းကို ဆင်းသင်မယ့်သူ ၊ အလုပ်ထွက်မယ်ဆိုတဲ့ သူတွေနဲ့ အမျိုးမျိုး commet ပေးနေကြတယ် ။ ဆရာမတို့ အနေနဲ့ကတော့ ဌာနက ညှိနှိုင်းတဲ့အခါ ဘယ်လို အခြေအနေ ရှိမလဲဆိုတာကို အရင်ဆုံး သိချင်တယ် ။ ပြီးမှသာ ဆုံးဖြတ်ချင်တယ်” ဟု အထက ၁ အင်းစိန်မှ အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည် ။
လက်ရှိ အခြေခံပညာကဏ္ဍတွင် အထက်တန်းပြလစာမှာ အမြင့်ဆုံးဖြစ်ပြီး အလယ်တန်းပြ ၊ မူလတန်းပြ ၊ နေ့စားလပေးဟု အဆင့်ဆင့် ခွဲခြားထားကြောင်း သိရသည် ။
“ဆရာအနေနဲ့တော့ ဒီကိစ္စက ကောလာဟလလို့ ထင်ပါတယ် ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပါ ။ ရာထူးတိုးဖို့အတွက် အဆင့်ဆင့် ကြိုးစားနေရတဲ့ ပုံစံကနေ တစ်ပြေးညီဖြစ်သွားရင် ကြိုးစားချင်စိတ်တွေ လျော့ကျကုန်မှာပေါ့” ဟု အထက်တန်းပြ ဆရာတစ်ဦးက သုံးသပ်ပြောကြားသည်။လက်ရှိ အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမ စုစုပေါင်း ၄ သိန်းဝန်းကျင် ရှိနေသည် ။
သတင်း-သူရိယ
The Ladies News Journal

Post a Comment

 
Top