နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင် ကိုးဦးပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့တွေဟာ ဒီနေ့ (စက်တင်ဘာ ၉) နံနက်က နေပြည်တော် MICC II မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးနိုင်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အောက်တိုဘာလဆန်းမှာ လက်မှတ်ထိုးကြဖို့ နှစ်ဖက် သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
ဒီလို အပစ်ရပ်စာချုပ် လက်မှတ်ထိုးရာမှာ တအာင်းအဖွဲ့ ၊ ကိုးကန့်အဖွဲ့တွေ ပါဝင်ရေး အောက်တိုဘာလဆန်း မတိုင်မီ တိုင်းရင်းသားခေါင်းဆောင်များက နည်းလမ်းရှာဖွေသွားဖို့ အဆိုပြုခဲ့ပြီး အစိုးရကလည်း တအာင်းအဖွဲ့၊ ကိုးကန့်အဖွဲ့တွေ နဲ့ တစ်ဖွဲ့ချင်း သဘောတူညီမှု ရယူနိုင်ခဲ့ပါက အပစ်ရပ်စာချုပ်မှာ ပါဝင် လက်မှတ်ထိုးခွင့်ပြုမယ်လို့ နှစ်ဖက်ခေါင်းဆောင်တွေက ပြောပါတယ်။
အဲ့ဒီအဖွဲ့တွေ ပါဝင်နိုင်ရေး နည်းလမ်းရှာဖို့ ဝန်ကြီးဦးအောင်မင်းနဲ့ အဖွဲ့ဟာ ရက်ပိုင်းအတွင်း တအာင်းအဖွဲ့ ကိုးကန့်အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ စီစဉ်နေတယ်လို့လည်း MPC က ပြောပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ လက်မှတ်ထိုးဖို့ သမ္မတဦးသိန်းစိန်က အဆိုပြုခဲ့တာဖြစ်ပြီး ကေအိုင်အို ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြင်ဆင်ချိန် အနည်းငယ် လိုအပ်တဲ့အတွက် အောက်တိုဘာလ ဒုတိယပတ်ထက် နောက်မကျဘဲ လက်မှတ်ထိုးကြဖို့ ပြန်လည် အဆိုပြုခဲ့ပါတယ်။
အဲ့ဒီအဆိုပြုချက်ကို နှစ်ဖက် လက်ခံခဲ့ပြီး အောက်တိုဘာလဆန်းမှာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးကြတော့မှာ ဖြစ်သလို ကေအိုင်အိုအဖွဲ့လည်း ပါဝင် လက်မှတ်ထိုးမယ်လို့ အစိုးရနဲ့ တိုင်းရင်းသားနှစ်ဖက် ခေါင်းဆောင်တွေက ပြောပါတယ်။
The Voice Weekly
Post a Comment