0

လူတို့သည် တစ်ဦး တစ်ယောက်တည်း နေထိုင်ကြသည် မဟုတ်ဘဲ လူအချင်းချင်း ပေါင်းသင်း ဆက်ဆံကြကာ လူမှု အသိုင်းအဝိုင်း အတွင်း နေထိုင်ကြ ရခြင်းကြောင့် လူမှု ဆက်ဆံရေး သည် လူတိုင်းအတွက် အလိုအပ်ဆုံး ဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦး နေ့စဉ်ပြောဆို ဆက်ဆံကြရာ၌ သတိပြုဖွယ် စကားအရာ အင်္ဂါဆယ်ပါးကို ပညာရှိ သူတော်ကောင်း များက သွန်သင်ခဲ့ ကြသည်။
စကားအရာ အင်္ဂါဆယ်ပါးမှာ ပြောချိန် ပြောခွင့်သင့်မှ ပြောဆိုခြင်း၊ ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း၊ တရားနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း၊ အကျိုးနှင့် ယှဉ်သည်ကိုသာ ပြောဆိုခြင်း၊ ချစ်ဖွယ်သော စကားကိုသာ ပြောဆိုခြင်း၊ ပြုံးရွှင်ခြင်းကို ရှေးဦးပြု၍ ပြောဆိုခြင်း၊ မပိုမလွန် ချင့်ချိန်၍ ပြောဆိုခြင်း၊ အဆောတလျင် မပြောဆိုခြင်း၊ ပြည်ကြီးသူ ပြည်ကြီးသား (မြို့ကြီးသူ မြို့ကြီးသား ကိုဆိုလို၏) တို့၏ ဓလေ့ထုံးစံ သို့လိုက်၍ ပြောဆိုခြင်း၊ သန့်ရှင်း သေချာ အက္ခရာဌာန်၊ ကရိုဏ်း ကျအောင် ပြောဆိုခြင်း တို့ ဖြစ်သည်။
နိုင်ငံတော်တွင် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက် နေချိန်၌ ပြည်သူ အချင်းချင်း မုန်းတီးမှု ဖြစ်ပေါ် စေသည်များကို ရှောင်ကြဉ်ကြရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ဇူလိုင် ၁ ရက်တွင် ရေဒီယိုမှ ပြောကြားသည့် မိန့်ခွန်း၌ '' ကျွန်တော်တို့ တိုင်းပြည်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ဒီလို နိုင်ငံမျိုးမှာ နိုင်ငံသား အားလုံးအနေနဲ့ တစ်ဦးနဲ့ တစ်ဦး သဟဇာတ ရှိရှိ နေထိုင်ပူးပေါင်း ဆောင်ရွက် နိုင်မှသာ တိုင်းပြည် အတွင်းမှာ တည်ငြိမ် အေးချမ်းမှုများ ရှိလာပြီး လက်ရှိ ဖော်ဆောင်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို အောင်မြင်နိုင်ဖို့ အတွက် တိုင်းပြည် အတွင်းမှာ ရှိကြတဲ့ ပြည်သူများ အကြားမှာ မုန်းတီးမှုများ ဖြစ်ပွားစေမယ့် ပြုမူပြောဆို ရေးသားမှုများ နဲ့ လှုံ့ဆော်မှု များကို ရှောင်ရှားကြဖို့ တိုက်တွန်းအပ် ပါတယ်။ နိုင်ငံသား အချင်းချင်း၊ တိုင်းရင်းသား အချင်းချင်း အမုန်းတရား တွေကြောင့် စည်းလုံး ညီညွတ်မှု ပျက်ပြားပြီး ပြည်သူတွေ ဒုက္ခမျိုးစုံ တွေ့ကြုံ နေကြရတာကို ကမ္ဘာ့ဖြစ်စဉ် ဖြစ်ရပ်များက သက်သေပြ နေပါတယ်။ ဒါကြောင့် နိုင်ငံသားများ အကြား အမုန်းတရား ပွားများစေမယ့် အပြုအမူ၊ အပြောအဆို၊ အရေးအသား များကို ကျွန်တော်တို့ လူ့အဖွဲ့အစည်း အနေနဲ့ ရှုတ်ချပြစ်တင် ဆန့်ကျင်ကြ ရမှာလည်း ဖြစ်ပါတယ် ... '' ဟူ၍ ထည့်သွင်း ပြောကြား ခဲ့သည်။
ဂျာနယ်လစ် တို့သည် ပုထုစဉ် သဘာဝအတိုင်း မိမိတို့ ကြီးပြင်း ကျင်လည်ခဲ့ ရသည့် ပတ်ဝန်းကျင်၏ ဓလေ့စရိုက်နှင့် အတွေးအမြင် များကို လုပ်ငန်းခွင်သို့ ယူလာတတ်ကြ သကဲ့သို့ လက်ရှိ ကျင်လည် နေရသော လုပ်ငန်းခွင် ပတ်ဝန်းကျင်မှ ဓလေ့စရိုက် တို့ကလည်း ဂျာနယ်လစ်တို့ အပေါ် လွှမ်းမိုးမှု ရှိကြ ပြန်သည်။ မည်သို့ပင် ရှိစေကာမူ လုပ်ငန်း သဘောအရ လိုက်နာရမည့် စည်းကမ်းနှင့်လူ့ အသိုင်းအဝိုင်း အတွင်း စောင့်ထိန်း ရမည့် ကျင့်ဝတ်သီလ တို့ကို ခါးဝတ်ပုဆိုး ပမာ မြဲမြံစွာ စောင့်ထိန်းကြရန် တာဝန်ရှိသည်။
ရှေးအခါက သူဆင်းရဲ တစ်ယောက်သည် ဓားမ တစ်ချောင်းကို စွဲကိုင်လျက် ဟင်းလျာရှာရန် ထွက်လာစဉ် မြစ်ဆိပ်အနီး တောင်ပို့ တစ်ခုသို့ ရောက်သော် ဖွတ်ကြီး တစ်ကောင် တောင်ပို့ အတွင်းသို့ ပြေးဝင် သွားသည်ကို မြင်သဖြင့် တောင်ပို့ အဝကို တူး၍ စောင့်နေ လေသည်။ ဖွတ်ကြီးသည် ထိုအပေါက်ဝမှ မထွက်ဘဲ အခြား တစ်ပေါက်မှ ထွက်၍ မြစ်ထဲသို့ ပြေးဆင်း သွားသည်ကို သူဆင်းရဲ မြင်လေလျှင် ဓားမဖြင့် လှမ်းပေါက် လိုက်ရာ ဖွတ်ကို မထိဘဲ ဓားမသာ မြစ်ထဲသို့ ကျသွားသည်။ သူဆင်းရဲ အဖို့ လက်နက်မဲ့ ဖြစ်ကာ အခြားဟင်းလျာကို မရှာ နိုင်တော့ဘဲ လက်မှိုင်ချ ရတော့သည်။
သို့ဖြစ်၍ ဤပုံပြင် အတိုင်း နိုင်ငံသား အားလုံး မူလက ရှိပြီးသော စည်းလုံး ညီညွတ်မှု ပျက်ပြား ကြသော် ဆုံးရှုံးမှုများ နှင့်သာ ကြုံတွေ့ ကြရပြီး ရှေ့ခရီး မဆက်နိုင်ဘဲ ဖွတ်မရ ဓားမဆုံး သကဲ့သို့ ဖြစ်ခဲ့ရသည့် သာဓက များစွာ ရှိပြီး ဖြစ်ရကား စကားအရာ အင်္ဂါဆယ်ပါး ကို တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက အလေးထား ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။
( အယ်ဒီတာ့အာဘော် )

ACM Credit To:The Myawady Daily
http://www.ayechanmon-news1.com/
Photo: စကားအရာ အင်္ဂါဆယ်ပါး အလေးထား

Post a Comment

Top