0

Published on: July 8, 2014
Written by: နွဲ့ယဉ်အေး၊ သန်းထိုက်အောင်

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်လိုင်စင် ရရှိထားသည့် အူရီဒူးကုမ္ပဏီက ဆင်းမ်ကတ်များကို ဆိုင်တစ်ဆိုင်လျှင် ကနဦးကတ် ၂၀ သာ ချထားပေးသွားမည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ မှားယွင်းနေပြီး ကုမ္ပဏီအနေနှင့် လိုသလောက်ချထားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆိုင်တိုင်းကို လိုသလောက်ချပေးမှာပါ။ ကတ် ၂၀ ဆိုတာ မဟုတ်ပါဘူး။ မှားနေပါတယ်” ဟု အူရီဒူးကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံ မသီရိကြာညိုက ရှင်းလင်းပြောကြားသည်။

အူရီဒူးကုမ္ပဏီက စတင်ချထားပေးမည့် ဖုန်းလိုင်းသည် 3G Advanced ဖြစ်သည့်အတွက် အသုံးပြုမည့် မိုဘိုင်းဟန်းဆက်များမှာ UMTS 900 နှင့် 2100 ကြားရှိသည့် ဟန်းဆက်အမျိုးအစား ဖြစ်ရမည်ဟု မူလကတည်းက သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားပြီးဖြစ်သည်။

“အူရီဒူးရဲ့ ရည်မှန်းချက်က လူတိုင်းအင်တာနက်ရရမယ်။ လူတိုင်းတတ်နိုင်တဲ့ ဟန်းဆက်လည်း ဖြစ်ရမယ်။ အခုဟန်းဆက် အမှတ်တံဆိပ်တွေနဲ့ စကားပြော ဆွေးနွေးနေတာရှိတယ်။ ငါးနှစ်အတွင်း အူရီဒူးကွန်ရက်က နိုင်ငံရဲ့ ၉၇ ရာခိုင်နှုန်းကို လွှမ်းခြုံမိမှာ ဖြစ်ပါတယ်” ဟု မသီရိကြာညိုက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ် ငန်းလိုင်စင်ရရှိသည့် နိုင်ငံခြားကုမ္ပဏီကြီး နှစ်ခုမှ ဆင်းမ်ကတ်များကို လာမည့်တစ်လ၊ နှစ်လအတွင်း ဈေးကွက်အတွင်းသို့ ရောင်းချနိုင်တော့မည်ဖြစ်သဖြင့် ဈေးကွက်အတွင်းတွင် စိတ်ဝင်စားမှုများလည်း မြင့်တက်နေကြောင်း သိရသည်။

အူရီဒူးမှ ဆင်းမ်ကတ်များကို သြဂုတ်လတွင် စတင်သုံးစွဲနိုင်မည်ဟု ယခင်ထုတ် ပြန်ချက်များအရ သိရပြီး ၀န်ဆောင်မှုများ စတင်ခါနီးတွင် အသေးစိတ်အချက် အလက်များကို ထုတ်ဖော်ပြောကြားသွားမည်ဟု သိရသည်။

“အူရီဒူးနဲ့ တယ်လီနောဆင်းမ်ကတ် တွေကို စိတ်ဝင်စားနေကြပါတယ်။ ကျွန်တော်တို့ ဖုန်းဆိုင်တွေကိုလည်း လိုသလောက် ချပေးမယ်လို့ ပြောထားပါတယ်။ Java ဖုန်းအမျိုးအစားကတော့ 3G ကို ဖမ်းလို့အဆင်မပြေနိုင်ပါဘူး။ Android ဖုန်းအတော်များများကတော့ 3G အတွက် အဆင်ပြေပါတယ်” ဟု တာမွေမြို့နယ်ရှိ ဟန်းဆက်အရောင်းဆိုင် တာဝန်ခံတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီနှင့် ကာတာနိုင်ငံ အခြေစိုက် အူရီဒူးကုမ္ပဏီတို့က ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်လိုင်စင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်တွင် ရရှိခဲ့ကြပြီး ၀န်ဆောင်မှုလုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

အူရီဒူးမြန်မာမှ စီအီးအို မစ္စတာရော့စ်ကောမက်အား နေပြည်တော်ရှိ ဆွေးနွေးပွဲတစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ-နွဲ့ယဉ်အေး)

ACM Credit To : Eleven Media Group
http://www.ayechanmon-news1.com/

Photo: အူရီဒူးဆင်းမ်ကတ်များကို ဆိုင်တစ်ဆိုင်လျှင် ကနဦး ကတ် ၂၀ သာ ချပေးမည်ဆိုသည့် သတင်းမှားယွင်းနေပြီး လိုအပ်သလောက် ပမာဏအထိ ချပေးသွားမည်

Post a Comment

Top