Published on: July 7, 2014
Written by: ၀င်းမောင်(မောင်တော)
ဒုချီးရားတန်း (အလယ်) ဘင်္ဂါလီကျေးရွာတွင် ရဲတပ်ကြပ်ကြီးအား အကြမ်းဖက်၊ သတ်ဖြတ်တိုက်ခိုက်မှုတွင်ပါဝင်သော တရားခံရှစ်ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး တရားခံ ၄၀ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
ဇန်န၀ါရီ ၁၃ ရက်က ဒုချီးရားတန်း (အလယ်) ဘင်္ဂါလီကျေးရွာတွင် ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် သေနတ်တစ်လက် ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ သံသယရှိသူများအား ဖမ်းဆီးစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည့် ဦးဒေါဘီလာအပါအ၀င် တရားခံရှစ်ဦးအား မတ် ၁၁ ရက်ကစတင်ကာ မောင်တောမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ၁၄ ကြိမ်စစ်ဆေးခဲ့ကြောင်း သိရသည်။
မေ ၂၇ ရက်တွင် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေ ပုဒ်မ ၂(၁)၊(က) အရ အလုပ်နှင့် ထောင်ဒဏ်ခုနစ်နှစ်စီ စီရင်ချက်ချမှတ်ခဲ့သည်။
ဒုချီးရားတန်း(အလယ်)ရွာဖြစ်စဉ်မှာ ခုနစ်လတာကာလအထိရှိလာပြီဖြစ်သော်လည်း ယနေ့အထိ ရှာဖွေမတွေ့ရှိသေးကြောင်း၊ ပြစ်မှုကျူးလွန်ပြီး တိမ်းရှောင်နေသူဦးရေ ၄၀ စာရင်းအား ဇွန် ၃ ရက် ကစတင်ကာ မောင်တောမြို့နယ်အတွင်း ထင်သာမြင်သာရှိသည့်နေရာများတွင် ကြော်ငြာဘုတ်ဖြင့် အများပြည်သူသို့ ချပြခဲ့ကြောင်း သိရသည်။
အဆိုပါတရားခံပြေး ၄၀ အား မောင်တောရဲစခန်း (ပ)၁၂/၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၃၊ ၃၄၆၊ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားပြီး တရားခံများအား ၀ိုင်းဝန်းကူညီဖမ်းဆီးပေးပါရန်၊ တွေ့ရှိက သတင်းပေးပါရန်နှင့် တရားခံပြေးများအားသိလျက်နှင့် လက်ခံထားခြင်း၊ သိလျက်နှင့် သတင်းပေးရန်ပျက်ကွက်ပါက ထိရောက်စွာ အရေးယူခံရမည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်ထားခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ဒုချီးရားတန်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ သံသယရှိသူ ၁၆ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ကြောင်း မထင်ရှားသည့်အတွက် ရှစ်ဦးကို ဖေဖော်ဝါရီ ၂၅ ရက်က ရွာရှိ ရပ်မိရပ်ဖများထံ ပြန်လည်အပ်နှံခဲ့သည်။
ဒုချီးရားတန်း ဖြစ်စဉ်နှင့်ပတ်သက်၍ မသင်္ကာသူများအား စိစစ်ဖော်ထုတ်ခဲ့ရာ ဇန်န၀ါရီ ၁၅ ရက်တွင် ကိုးဦး၊ ဇန်န၀ါရီ ၁၇ ရက်တွင် ခြောက်ဦး၊ ဇန်န၀ါရီ ၁၈ ရက်တွင်တစ်ဦး စုစုပေါင်း ၁၆ ဦးတို့အား ခေါ်ယူမေးမြန်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ကနဦး စုံစမ်းစစ်ဆေးချက်များအရ ကင်းလှည့်ရဲတပ်ဖွဲ့အား အကြမ်းဖက်တိုက်ခိုက်ရာ၌ အဓိကဦးဆောင်ရန်ပြုသူများတွင် တစ်ဖက်နိုင်ငံ RSO အဖွဲ့တွင် သင်တန်းတက်ခဲ့သူ၊ (ဘီဒီပြေး)နှင့် ပြစ်မှုကျူးလွန်သဖြင့် ထောင်ကျဖူးသူတို့ဖြစ်ပြီး တိုက်ခိုက်မှုတွင် ပြစ်မှုကျူးလွန်သူ ၁၉ ဦး မှ ၁၁ ဦးသည် တစ်ဖက်နိုင်ငံသို့ရောက်ရှိနေပြီး ဆုရရှိရေး RSO အဖွဲ့များထံမှ တောင်းခံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
တရားခံပြေးများအား ဓာတ်ပုံနှင့်တကွ ကြော်ငြာထားပုံ(ဓာတ်ပုံ-၀င်းမောင်(မောင်တော))
ACM Credit To : Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment