Published on: July 8, 2014
Written by: စိုးမင်းထိုက်
ပွင့်လင်းမြင်သာသော ဘတ်ဂျက်အဖြစ် သုံးသပ်အကဲဖြတ်ခံနိုင်ရန်အတွက် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များတွင် နိုင်ငံတကာစံနှုန်းနှင့်ညီစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။
ဇူလိုင် ၇ ရက်က ပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ မေးမြန်းသည့် နိုင်ငံတော်၏ ဂုဏ်သိက္ခာအဆင့်အတန်းအတွက် ပွင့်လင်းမြင်သာသော ဘတ်ဂျက်အဖြစ် သုံးသပ်အကဲဖြတ် ခံနိုင်ရန်အတွက် ဆောင်ရွက်ရန် လိုအပ်ချက် In-year Report နှင့် Citizens Budget များကို ပြုစုထုတ်ပြန်ကာ ပေးပို့သင့်သော အဖွဲ့အစည်းများသို့ပေးပို့ခြင်း၊ နိုင်ငံတစ်ဝန်း အများပြည်သူသိရှိစေရေး ဖြန့်ဝေခြင်းများ ဆောင်ရွက်သွားမည့် အစီအစဉ်များအပေါ် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က “ကမ္ဘာ့ဘဏ်နဲ့ပူးပေါင်း အကောင်အထည်ဖော်နေတဲ့ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ပါ လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာတဲ့ ဘတ်ဂျက်ဖြစ်အောင် ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာစံနှုန်းနဲ့အညီ Open Budget ဖြစ်စေဖို့၊ Citizens Budget ဖြစ်လာဖို့ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။
နိုင်ငံ၏ဘတ်ဂျက်သည် ပြည်သူ့ဘဏ္ဍာငွေရရှိမှု၊ သုံးစွဲမှုများကို ဖော်ပြသည့်စာရင်း ဖြစ်သည့်အတွက် ရငွေများအပြည့်အ၀ရရှိရန်၊ အသုံးစရိတ်များကို ထိရောက်မှန်ကန်စွာ သုံးစွဲနိုင်ရန် အရေးကြီးသည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးသည် ဘဏ္ဍာရေးမူဝါဒကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုဝန်ကြီးက မြန်မာနိုင်ငံသည်လည်း တစ်နှစ်ထက်တစ်နှစ် ဘတ်ဂျက်တင်ပြမှု၊ အကောင်အထည်ဖော်မှုများကို ပို မိုပွင့်လင်းစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးကို ၂၀၁၂ ခုနှစ်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဘတ်ဂျက်ပွင့်လင်းမြင်သာမှုရှိရန်၊ ဘတ်ဂျက်ကို ပြင်ဆင်ရေးဆွဲသည့် အဆင့်၊ ဘတ်ဂျက်အကောင်အထည် ဖော်နိုင်မှုများကို အစီရင်ခံသည့် အဆင့်များအား နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဘတ်ဂျက်နှင့်ပတ်သက်ပြီး နိုင်ငံတကာတွင်လည်း ဘတ်ဂျက်အတွက် ၀င်ငွေရရှိမှုတွင် နိုင်ငံသားများထံမှ အခွန်အခများ ကောက်ခံရရှိမှု၊ သဘာဝသယံဇာတ ပစ္စည်းများ တူးဖော်ထုတ်လုပ်ခြင်း၊ ချေးငွေရယူခြင်း များဖြစ်ကြောင်း၊ နိုင်ငံသားများအနေဖြင့် အခွန်အခများအား မည်သို့ခွဲဝေသုံးစွဲသည်၊ ချေးယူငွေများအား မည်သို့ ပြန်ဆပ်သည်များကို ပြည်သူများ သိရှိနိုင်ရန်အတွက် အသိပေးတင်ပြရန်မှာ အစိုးရတိုင်း၏ တာဝန်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
“Citizens Budget ကတော့ အစိုးရအနေနဲ့ ၀င်ငွေမည်မျှရရှိသည်၊ မည်သို့ မည်ပုံ ခွဲဝေသုံးစွဲသည်ကို နိုင်ငံသားတိုင်း သိရှိနိုင်ရန်အတွက် ထုတ်ပြန်ပေးခြင်းဖြစ်ပါတယ်။ အဓိကလိုအပ်တာကတော့ Pre Budget Statement, Executive's Budget Proposal,The Enacted Budget နှစ်တွင်း အစီရင်ခံစာ၊ နှစ်လယ်အစီရင်ခံစာနဲ့ နှစ်ကုန်အစီရင်ခံစာတွေကို ထုတ်ပြန်တာတွေ၊ စာရင်းစစ် အစီရင်ခံစာများ ထုတ်ပြန်ခြင်းတွေ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံနဲ့အညီ အမျိုးသား စီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွေကို လွှတ်တော်သို့ နှစ်စဉ်တင်သွင်းလျက် ရှိပါတယ်” ဟု ဒေါက်တာလင်းအောင်က ဆိုသည်။
ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည် ဖော်လျက်ရှိကြောင်း၊ စီမံချက်၏ ရည်မှန်းချက်အနေဖြင့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ခိုင်မာအားကောင်းစေရန်၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု မူဝါဒဖော်ဆောင်မှုနှင့် ထိရောက်ကောင်းမွန်ပြီး တာဝန်ခံမှုရှိသည့် ပြည်သူ့ရေးရာ ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန် စေရန်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ဆက်လက်ပြောကြားသည်။
ဇူလိုင် ၇ ရက်တွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ၏ မေးမြန်းမှုကို ဖြေကြားနေစဉ်
ACM Credit To : Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment