0

သိမ့်သဉ္ဇာဇင်| အင်္ဂါနေ့၊ ဇူလိုင်လ ၈ ရက်၊ ၂၀၁၄ ခုနှစ် 

ကမ္ဘာ့ရွှေဈေးနူန်းများ ပြန်လည်မြင့်တက်လာသောကြောင့် ရန်ကုန်ရွှေဈေးကွက်တွင် ပြည်တွင်း အခေါက်ရွှေဈေးများ ပြန်လည်အရောင်းအ၀ယ်ကောင်းလာသော်လည်း၊ မန္တလေးမြို့တွင်မူ ရွှေဝယ်ယူထားသူများက ၎င်းတို့ ၀ယ်ယူထားသည့် ရွှေများကို ပြန်လည်ရောင်းချမှုများပြားလာနေကြောင်း ရန်ကုန်နှင့် မန္တလေးမြို့များရှိ ရွှေဆိုင်ပိုင်ရှင်များက ဇူလိုင်လ ၇ ရက် တွင် မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ ကုမ္ပဏီမှ ထုတ်လုပ်သော ၂ ဒသမ ၅ ဂရမ်နှင့် ၅ ဂရမ် ရွှေပြားများမှာမူ အရောင်းအ၀ယ် အေးလျက်ရှိကြောင်း ရန်ကုန်မြို့ရှိ ရွေဆိုင်ပိုင်ရှင်များက ဇူလိုင်လ ၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ အရင်က ဂရမ်ရွှေပြားက ၀ယ်လိုအားနေ့တိုင်းရှိတယ်။ ခုနောက်ပိုင်း အ၀ယ်အေးသွားတယ်။ အခေါက် ရွှေနဲ့ လက်စွပ်က ၀ယ်လိုအားများနေတယ်။ နောက်ပိုင်း ဈေးကွတ်ထဲမှာ အခေါက်ရွှေတွေပဲ ပြန်ပြီး အရောင်းအ၀ယ်ကောင်းဖို့ရှိတယ် ” ဟု တိတ်စိန်ရွေဆိုင်မှ တာဝန်ရှိသူတစ်ဦးက မဇ်္ဈိမကို ပြောသည်။

လက်ရှိတွင် ၂ ဒသမ ၅ ဂရမ်ရွှေ တစ်ပြားလျှင် ကျပ် ၁၀၂,၅၀၀ ဈေးနူန်းနှင့် ၅ ဂရမ်ရွှေတစ်ပြားလျှင် ကျပ် ၂၀၆,၀၀၀ ဈေးပေါက်လျက်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်းအတက်အကျပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ကြောင်း ရွှေပြားအရောင်းဆိုင်များထံမှ သိရသည်။

“ ရွှေပြားတွေကတော့ အရောင်းအေးသွားတယ်။ ရွှေပြားတွေကရွေဈေးအတက်အကျ ပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲတာပေါ့ ” ဟု မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှ အတွင်းရေးမှူး ဦး ကျော်ဝင်းက မဇ်္ဈိမကိုပြောသည်။

ပြည်တွင်း ရွှေဈေးနှုန်းများမှာ ဆက်တိုက်ပြောင်းလဲမူများဖြစ်ပေါ်နေပြီး ကမ္ဘာ့ရွှေဈးနူန်း တစ်အောင်စလျှင် ၁,၂၇၅ ဒေါ်လာဝန်းကျင်မှ ယခုရက်တွင် ၁,၃၁၃ ဒေါ်လာဝန်းကျင်ထိ မြင့်တက်သွားခဲ့သည်ဟု ရွှေဆိုင်ပိုင် ရှင်များကပြောသည်။ သို့အတွက် ပြည်တွင်းရွှေဈေးနှုန်းများမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ၆,၆၀၂,၅၀၀ ကျပ်မှ ၆၇၆,၀၀၀ ကျပ်သို့ တိုးမြင့်သွားကြောင်း ပြည်တွင်း ရွှေဆိုင်များထံမှ သိရသည်။

“ မန္တလေးမှာတော့ ၀ယ်လိုအားနည်းသွားတယ်။ ဈေးကွတ်အေးနေတယ်။ဒီရက် ပိုင်းဝယ်လိုအားထက် ရောင်းလိုအား ပြန်များနေတယ်။ ရွှေစုထားတဲ့ လူတော်တော်များများက ပြန်ထုတ်ရောင်းလာတာ များတယ် ” ဟု မန္တလေးမြို့ အောင်သမာဓိရွှေဆိုင်မှဆိုင်ရှင် ကိုဝင်းငယ်က မဇ္ဈိမကို ပြောသည်။ မန္တလေးရွှေဈေးမှာ ရန်ကုန် ရွှေဈေးထက် တစ်ကျပ်သားလျှင် ကျပ် ၅၀၀ သာ လျော့နည်းသည်ဟုလည်း ကိုဝင်းငယ်က ပြောသည်။

ဂရမ်ရွှေပြားများအား တစ်နေ့လျှင် ရွှေပြား ၄၀၀ ထုတ်လုပ်၍ ဈေးကွက်အတွင်း ရောင်းချမှုရှိနေပြီး ဈေး ကွက်တိုးချဲ့ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှ သတင်းထုတ်ပြန် ထားသည်။ ဂရမ်ရွှေပြားများကို ၂၀၁၄ ဇန်န၀ါရီလတွင် စတင်ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်သည်ဟုလည်း မြန်မာ့ရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ACM Credit To:Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top