0

ရန်ကုန်၊ ဇူလိုင် ၂

ပညာရေး ဝန်ကြီးဌာနက လာမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ထပ်တိုး ဆောင်ရွက်မည့် အဆင့်မြင့်ပညာရေး စီမံကိန်းများ၏ ကုန်ကျစရိတ်ကို ကျပ် ၄၃၁ ဘီလီယံ (၄၃၁,၉၀၃ သန်း) ခန့်မှန်းထားကြောင်း အဆင့်မြင့်ပညာရေး စီမံကိန်းစာတမ်း ရေးဆွဲခဲ့သူ ဒေါက်တာထွန်းအောင်က ပြောကြားသည်။

အဆိုပါစာတမ်းကို ကျောင်းသားနှင့် ဆရာဦးရေ၊ အဆောက်အအုံ လိုအပ်ချက်ပေါ် မူတည်ပြီး ဗဟိုစာရင်းအဖွဲ့က ရရှိခဲ့သော အချက်အလက်များနှင့် တွက်ချက်ထားခြင်း ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာရေး စီမံကိန်းများတွင် တိုးလာမည့် ကျောင်းသားဦးရေနှင့် လိုအပ်မည့် ဆရာ၊ ဆရာမ ဦးရေကို ခန့်မှန်းနိုင်ရန် လိုအပ်သေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ စာတမ်းတွင် တက္ကသိုလ် ဆရာ၊ ဆရာမများ ခန့်ထားရေး အပါအဝင် ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်တင်ရေးအတွက် ကျပ် ၁၇ ဘီလီယံကျော် သုံးစွဲရန် ခန့်မှန်းထားပြီး တက္ကသိုလ်များ ပြင်ဆင်မွမ်းမံခြင်းနှင့် သုတေသန ကဏ္ဍများအတွက်လည်း ကျပ်သန်းပေါင်း များစွာ သုံးစွဲဖွယ် ရှိကြောင်း တွက်ချက်ထားသည်။

အဆင့်မြင့် ပညာရေးစီမံကိန်းအတွက် တက္ကသိုလ် တာဝန်ရှိသူများထံ စစ်တမ်း ကောက်ယူခဲ့ရာ ဆရာ၊ ဆရာမ လိုအပ်ချက်ကို အများဆုံး တွေ့ရကြောင်း ဒေါက်တာထွန်းအောင်က အတည်ပြု ပြောဆိုသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမ လိုအပ်ချက် ၂၃၉ ဦးရှိပြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ၁၈၁၃ ဦး ရှိနိုင်ကြောင်း၊ လက်ရှိအချိန်တွင် ပါမောက္ခမှ နည်းပြအထိ ၁၂,၂၀၀ ဦး ခန့်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ထံမှ သိရှိရသည်။

လက်ရှိ ၂၀၁၄-၁၅ ပညာသင်နှစ်အတွက် အဆင့်မြင့်ပညာရေး အသုံးစရိတ်မှာ ခန့်မှန်းခြေ ၁၇၁,၁၅၆ သန်း (၁၇၁ ဘီလီယံကျော်) ဖြစ်သည်။

ACM Credit To :The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top