Published on: July 8, 2014
Written by: ချမ်းမြေ့သူ
ယခုနှစ်ငါးလအတွင်း ပြည်ပနိုင်ငံများမှ ၀င်ရောက်မြှုပ်နှံသည့်ပမာဏ ဒေါ်လာ နှစ်ဘီလျံကျော်ရှိပြီး စင်ကာပူနိုင်ငံမှ ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော်ဖြင့် အများဆုံး ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ စာရင်းများအရ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၄၄ ဘီလျံကျော်ဖြစ်ပြီး ၂၀၁၄ ခုနှစ် မေလကုန်အထိ စာရင်းများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၆ ဘီလျံကျော်သို့ တိုးတက်လာခဲ့ခြင်းကြောင့် ငါးလအတွင်း နိုင်ငံခြားမြှုပ်နှံငွေ ဒေါ်လာ ၂ ဘီလျံကျော် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံအားဖြင့်မူ နိုင်ငံပေါင်း ၁၂ နိုင်ငံ မှ မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် ၀င်ရောက်မြှုပ်နှံရန်အတွက် ခွင့်ပြုချက်ရယူခဲ့ ကြခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံမှ မြှုပ်နှံငွေ ဒေါ်လာ ၁၉၄၈ ဒသမ ၄၄ သန်း (၁ ဒသမ ၉ ဘီလျံ) ဖြင့် အများဆုံးမြှုပ်နှံမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ထိုင်းနိုင်ငံမှ မြှုပ်နှံငွေ ဒေါ် လာ ၁၁၄ သန်းကျော်ဖြင့် ဒုတိယအများဆုံး မြှုပ်ခွင့်ရယူသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တရုတ်က ဒေါ်လာ ၅၁ သန်းကျော်၊ ဟောင်ကောင်က ဒေါ်လာ ၄၂ သန်းကျော်၊ ဗြိတိန်က ဒေါ်လာ ၁၄ သန်း ကျော်၊ ကိုရီးယားက ဒေါ်လာ ၂၂ သန်း ကျော်၊ မလေးရှားက ဒေါ်လာ ၂၄ သန်း ကျော်၊ ဂျပန်က ဒေါ်လာ ၂၆ သန်းကျော်၊ အိန္ဒိယက ဒေါ်လာ ၀ ဒသမ ၉၀၆ သန်း၊ ဘရူနိုင်းက ဒေါ်လာ ၃ သန်းကျော်၊ ွောသေ ကေဒၚလာ ၃ သန်းကျော်နှင့် ဆွီဒင်မှ ဒေါ် လာ ၁၄ သန်းကျော်အသီးသီး ၀င်ရောက်မြှုပ်နှံရန် ခွင့်ပြုချက်ရယူခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။
ဝင်ရောက်မြှုပ်နှံမှုပြုလုပ်သည့် ကဏ္ဍများတွင် ကုန်ထုတ်လုပ်ငန်းတွင် ၀င်ရောက်မြှုပ်နှံမှု အများဆုံးဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းနှင့် ဆက်သွယ်ရေးကဏ္ဍ စသည်တို့တွင်လည်း ၀င်ရောက်မြှုပ်နှံလုပ်ကိုင်ရန် ခွင့်ပြုချက်ရယူထားကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ယခုနှစ်ပိုင်းအတွင်း၌ ပြည်ပနိုင်ငံများမှ မြှုပ်နှံလုပ်ကိုင်ရန် ခွင့်ပြုချက်ရယူထားသည့် လုပ်ငန်းများအနက် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိစေရန် လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်းနှင့် အခြားကုန်ထုတ်လုပ်ငန်းများကို ဆက်တိုက်မြှုပ်နှံ လုပ်ကိုင်ခွင့်များ ပြုလျက်ရှိသော်လည်း အထည်ချုပ်လုပ်ငန်းအချို့တွင် အခြေခံလစာနည်းပါးခြင်းနှင့် အလုပ်ချိန်ပို ဆင်းခိုင်းခြင်းစသည်တို့ကြောင့် အလုပ်သမား များအနေဖြင့် အလုပ်ရှင်များအား ဆန္ဒပြသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း သိရသည်။
စင်ကာပူရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်သည့် ရှန်ဂရီလာဟိုတယ် တည်ဆောက်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)
ACM Credit To : Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment