0

Published on: July 7, 2014

(၅၂)နှစ်မြောက် 7 July နေ့အထိမ်းမှတ်အဖြစ် ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ပြီး ဗိုလ်ချုပ်လမ်းမှ မြောက်စောင်းတန်းလမ်း၊ ရွှေတောင်းချောင်းလမ်းနှင့် တက္ကသိုလ်ကျောင်းရှေ့တို့တွင် ဆန္ဒပြတောင်းဆိုမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ဇူလိုင် ၇ ရက် နံနက် ၉ နာရီက စတင်ပြုလုပ်ခဲ့ပြီး ကျောင်းသားများအခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသားများ၊ ရဲစခန်း၊ တရားရုံးများတွင် ရင်ဆိုင်နေရဆဲဖြစ်သော နိုင်ငံရေးအမှုများကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် ရုပ်သိမ်းပေးရန်၊တောင်သူလယ်သမားများအား ပုဒ်မမျိုးစုံဖြင့် တရားစွဲနေမှုများ ရုပ်သိမ်းလွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း ဆန္ဒပြခဲ့သူများက ပြောကြားသည်။

ပြည်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် တက္ကသိုလ်ကျောင်းရှေ့တွင် ဆန္ဒထုတ်ဖော်ရခြင်းနှင့်ပတ်သက်၍ "တက္ကသိုလ်ရှေ့မှာ ဘာလို့လာပြီးဆန္ဒပြသလဲဆိုတော့ ကျောင်းသားတွေရဲ့ဝိညာဉ်တွေရှိနေသေးတယ်။ ဒါကြောင့်မို့ ကျောင်းသားတွေကိုလာပြီး ဂုဏ်ပြုရင်း အလေးလာပြုတာပါ။ ကျောင်းသားတွေမမေ့အောင်၊ သမိုင်းကိုမပျောက်အောင်လို့ ကျောင်းကိုလာခဲ့တာပါ" ဟု ဦးဆောင်ခဲ့သည့် ဦးဝင်းလှိုင်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲကို တရားဝင်ခွင့်ပြုထားသော်လည်း ရွှေတောင်းချောင်းလမ်းနှင့် တက္ကသိုလ်ကျောင်းရှေ့တို့မှာ ခွင့်ပြုချက်တွင်ပါဝင်ခြင်းမရှိသည့်အတွက် ရဲတပ်ဖွဲ့ကတားမြစ်ခဲ့ပြီး နယ်မြေတာဝန်ခံဖြစ်သည့် အမှတ်(၁)ရဲစခန်းမှူး ဦးမျိုးဝင်းက "ဆန္ဒဖော်ထုတ်တာနဲ့ မတူဘူး။ စည်းရုံးလှုံ့ဆော်တာနဲ့တူနေတယ်။ အခုလိုကျောင်းရှေ့မှာ လာပြောဆိုနေတာက နိုင်ငံတော်အပေါ် အကြည်ညိုပျက်အောင် လုပ်ဆောင်တာမြောက်တယ်။ အုပ်ချုပ်ရေးပိုင်းကနေ ပုဒ်မ ၅၀၅ (ခ) နဲ့ဖြစ်ဖြစ်၊ ပုဒ်မ ၁၉ နဲ့ဖြစ်ဖြစ် အမှုဖွင့်တရားစွဲဆိုနိုင်တယ်" ဟု ပြောကြားသည်။

၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီအာဏာသိမ်းပြီးနောက် ကျောင်းသားများကို အများဆုံးဖိနှိပ်ချုပ်ချယ်ခဲ့ပြီး ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ကျဆုံးခဲ့သည့် ကျောင်းသားခေါင်းဆောင်တစ်ဦးက ၎င်း၏သွေးဖြင့် ကျောင်းနံရံတွင် ၇-၇-၆၂ မမေ့သင့်ဟု ရေးထိုးခဲ့သည်မှစ၍ 7 July ပေါ်ပေါက်ခဲ့သည်။

ပြည်မြို့တွင် ဗိုလ်ချုပ်လမ်းမှ မြောက်စောင်းတန်းလမ်း၊ ရွှေတောင်းချောင်းလမ်းနှင့် တက္ကသိုလ်ကျောင်းရှေ့တို့တွင် ဆန္ဒပြတောင်းဆိုမှုပြုလုပ်ခဲ့စဉ်

ACM Credit To : Eleven Media Group
http://www.ayechanmon-news1.com/

Photo: (၅၂) နှစ်မြောက် 7 July နေ့ အထိမ်းအမှတ်အဖြစ် ပြည်တက္ကသိုလ်ကျောင်းရှေ့တွင် ဆန္ဒပြတောင်းဆို

Post a Comment

Top