ACM RE-Post 18-6-2014
(Written by တက္ကသိုလ် မိုးဝါ)
ပညာရေးမြှင့်တင်မှုလုပ်ငန်းများ အကောင်အထည်ဖော်ရေး အဆင့်မြင့်ပညာကဏ္ဍနှီးနှောဖလှယ်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီးပြီဟု သိရသည်။ အမျိုးသားပညာရေးဥပဒေကြမ်း တစ်ရပ်ကိုလည်း ပြည်သူ့လွှတ်တော်က အတည်ပြုထားပြီးဖြစ်သည် ဆိုသည်။ ယင်းဥပဒေကြမ်းအား ပြင်ဆင်နိုင်ရေးအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အမျိုးသားကွန်ရက် (NNER - National Network for Education Reform) တို့ တွေ့ဆုံဆွေးနွေးခဲ့သည် ဆိုသည်။ အဆိုပါ NNER အရပ်အဖွဲ့အစည်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ရက်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဆရာများသမဂ္ဂ၊ သံဃာတော်များနှင့် လူမျိုးစုပညာရေးအစု အဖွဲ့များစသဖြင့် ပါဝင်ပေသည်။ ၂၀၁၂ ခုနှစ် တွင်တည်ထောင်ခဲ့သော NNER အဖွဲ့သည် မြန်မာနိုင်ငံအနှံ့အပြား၌ ပညာရေးပြုပြင်ပြောင်းလဲမှုကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီးဖြစ်သည်ဟု သိရသည်။
အမျိုးသားပညာရေးဥပဒေကြမ်းတွင် ဗဟိုအုပ်ချုပ်မှုစနစ်များ ပါဝင်နေခြင်းနှင့် အခြားသဘောထားကွဲလွဲမှုများကြောင့် ကျောင်းသားသမဂ္ဂ၊ ဆရာဆရာမများသမဂ္ဂနှင့်တကွ NNER က ကန့်ကွက်ထားသည် ဆိုသည်။
အစိုးရနှင့် လွှတ်တော်တို့သည် နိမ့်ကျနေသော ပညာရေးစနစ်ကိုမြှင့်တင်ရန် အမျိုးသားပညာရေးဥပဒေကို အပူတပြင်းအတည်ပြုနိုင်ရန် စီစဉ်နေကြောင်း သိရသည့်အခိုက်အတန့် ဗြိတိန်လွှတ်တော်အမတ်များ၏ မြန်မာနိုင်ငံ ပညာရေးအဆင့်ပေါ်သုံးသပ်မှုကို တစ်ပြိုင်နက်တည်း ဖတ်လိုက်ရပြန်သည်။ ၎င်းတို့က “မြန်မာနိုင်ငံ၏ ထူးခြားသော ပြဿနာတစ်ခုမှာ လူငယ်မျိုးဆက်များသည် သူတို့၏ မိဘများထက် ပညာရေးနိမ့်ကျနေသည်” ဟု ၎င်းတို့၏ လေ့လာသုံးသပ်ရေးအစီရင်ခံစာ၌ ဖော်ပြရေးသားထားသည်ကို တွေ့ရပေသည်။
ထူးဆန်းသည်တော့ မဟုတ်ပါ။ စာရေးသူ ဤနိုင်ငံနှင့် အတန်ကြာနေမှုထိုင်မှု ကင်းကွာခဲ့ပြီးသည့်နောက် ယခု ပြန်လည်ထိတွေ့မှုရှိလာသောအခါ ပညာရေးနှင့်ပတ်သက်၍ ယခင့် ယခင်က ရှိထားခဲ့သော အနေအထားမျိုးမရှိတော့သည်ကို အံ့အားသင့်စွာ တွေ့မြင်ခဲ့ရပေသည်။
စာရေးသူ လက်လှမ်းမီသော ၁၉၆၀ ခုနှစ်လွန်ကာလ ရန်ကုန်စက်မှုတက္ကသိုလ်၏ ပညာရေးအဆင့်ကို အနည်းငယ် ဖောက်သည်ချပါမည်။ ထိုအချိန်က မန္တလေးစက်မှုတက္ကသိုလ် မရှိသေးပါ။ အခြား ၀ိဇ္ဇာသိပံ္ပ၊ စီးပွားရေး တက္ကသိုလ်များသည်လည်း ရန်ကုန်စက်မှုတက္ကသိုလ်ကဲ့သို့ပင် ပညာရေးအဆင့်အတန်း မြင့်မားလှသည်ဟု မှတ်ယူနိုင်ကြပါသည်။
အတိုချုပ်ပြောရလျှင် ထိုအချိန်က သင်ကြားရေးဆရာ၊ ဆရာမများမှာ အရည်အချင်း၊ အတွေ့အကြုံ၊ စေတနာ အပြည့်အ၀ရှိသူတို့ဖြစ်ကြပြီး စာရေးသူတို့ဌာနဆိုလျှင် တစ်လတစ်ကြိမ်ကျ အစည်းအဝေးထိုင်၍ နိုင်ငံတကာ (အထူးအားဖြင့် အမေရိကန်၊ ဗြိတိန်) မှ ပညာရေးဆိုင်ရာ ခေတ်မီသင်ရိုးညွှန်းတမ်းအသစ်အသစ်တို့အား မျက်ခြည်ပြတ်မခံဘဲ လေ့လာသုံးသပ်လျက် မိမိဌာနအတွက် ထပ်မံဖြည့်စွက်သင်ကြားခဲ့ကြသည်။ ခေတ်မမီတော့သော သင်ရိုးအစိတ်အပိုင်းများအား ဖြုတ်ပယ်ပစ်သည်လည်း ရှိခဲ့သည်။ ထိုအချိန် က “မြင်မြင်သမျှ ပါမောက္ခ၊ တွေ့ကရာလူ ပါရဂူ” ဟူသည့် အဆိုစကား မရှိခဲ့သေးပါ။ ပါမောက္ခတော့ တစ်ဦးတလေရှိခဲ့၏။ ပါရဂူဘွဲ့ရရှိထားသူ အလွန်ပင်ရှားသော်လည်း ဆရာပုဂ္ဂိုလ်တစ်ဦးချင်းစီသည် အတွေ့အကြုံ ရော အရည်အချင်းပါ ရာနှုန်းပြည့် ပြည့်ဝမှုရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
စာမေးပွဲ အအောင်အရှုံးပိုင်းကိုကြည့်လျှင်လည်း အတန်းတိုင်းတွင် အကျအရှုံး ၃၀ ရာခိုင်နှုန်းခန့် ရှိသည်။ ပထမနှစ်သင်တန်းမှစ၍ ဆဋ္ဌမနှစ် (နောက်ဆုံးနှစ်) အထိ တောက်လျှောက်ဘွဲ့ရသည်အထိ အောင်မြင်သူ ကျောင်းသားဦးရေမှာ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်သာ ဖြစ်သည်။ ဆိုလိုသည်မှာ ၄၀ ရာခိုင်နှုန်းသည် လမ်းခုလတ်၌ပင် ကျောင်းမှ အနားယူ၊ နုတ်ထွက် သို့မဟုတ် မအောင်မြင်၍ ဆက်လက်တက်ခွင့်မရတော့သောသူများ ဖြစ်ကြသည်။ ဘွဲ့ရသွားသော ကျောင်းသားတို့၏ အဆင့်မည်မျှမြင့်မားကြောင်း ခန့်မှန်းနိုင်ပေသည်။
စာမေးပွဲအောင်စာရင်းရလဒ် မြင့်မားတိုင်း ၎င်းပညာရေးအဆင့်မြင့်မားပြီ၊ ကျောင်းသားများ အရည်အသွေးမြင့်မားပြီဟု ပြော၍မရပေ။ သာဓကအားဖြင့်ပြရပါက တက္ကသိုလ်သမိုင်းတစ်လျှောက် ၁၉၇၄ ခု အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ ၁၉၇၅ ခု အလုပ်သမား-ကျောင်းသား သပိတ်စခန်း၊ ၁၉၈၇ ခု ငွေစက္ကူ တရားမ၀င်ပြုလုပ်ခြင်း၊ ၁၉၈၈ ဖုန်းမော်နှင့် ရှစ်လေးလုံးအရေးတော်ပုံ စသည့် အရေးအခင်းပေါင်းစုံတို့တွင် တက္ကသိုလ်သင်တန်းများ ကြာရှည်ပိတ်ထားခဲ့ခြင်းကြောင့် စာသင်ချိန်အလွန်နည်းခဲ့ခြင်းကို ပြရမည်ဖြစ်သည်။ စစ်အာဏာရှင်တို့သည် မိမိတို့ အာဏာတည်မြဲရေးတစ်ခုတည်းအတွက် ကျောင်းသားများအား ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့်လည်းကောင်း၊ ဆရာများအား ဖိအားပေး၍လည်းကောင်း၊ စာမေးပွဲ၌ မေးမည့်မေးခွန်းများကို အစောပိုင်းတင်ကြို၍ ရေလာမြောင်းပေးလုပ်စေခြင်းဖြင့်လည်းကောင်း၊ စာသင်သင် မသင်သင် စာမေးပွဲ၌ များများအအောင်ပေးသည့်စနစ်ကို ကျင့်သုံး လာခဲ့သည်။ စာသင်ချိန် အလွန်နည်းသည့် ကာလများစွာရွေ့လျားသော် ပညာရေးအဆင့်အတန်းသည် အလွန်နိမ့်ကျသောအခြေသို့ ဆိုက်ရောက်လာတော့သည်။
ယင်းနောက် စက်မှုတက္ကသိုလ် (နောင်တွင် နည်းပညာတက္ကသိုလ်) ရှိကျောင်းသားများအား တစ်နေရာစီ ခွဲထားရန် မလျော်ကန်သောရည်ရွယ်ချက်ဖြင့် နည်းပညာတက္ကသိုလ်အများအပြားကိုလည်း ကွက်လပ်ရှိသည့် လယ်မြေပေါ် အဆောက်အအုံဆောက်လုပ်ပြီး ဖွင့်ခဲ့သည်။
ဤနေရာတွင် မိတ်ဆွေဆရာတစ်ဦး၏ ပြောစကားကို ဖော်ပြလိုပေသည်။
“Bricks, sand and cement can be used to build a Building, but not a University”
“အုတ်၊ သဲ၊ ဘိလပ်မြေတို့ဖြင့် တိုက်တာ အဆောက်အအုံ ဆောက်လုပ်နိုင်သော်လည်း တက္ကသိုလ်တစ်ခုကိုမူ မတည်ဆောက်နိုင်”
သူငယ်ချင်းဖြစ်သူ အငြိမ်းစားပါမောက္ခချုပ်တစ်ဦးကလည်း “သက်ဆိုင်ရာဘာသာရပ်အလိုက် လက်တွေ့ဆောင်ရွက်နိုင်တဲ့ဆရာတွေ ရှိသင့်တယ်။ ကျောင်းသားတွေအတွက် စာကြည့်တိုက်ကောင်းကောင်း လိုတယ်။ ဒီအင်္ဂါရပ်တွေ ပြည့်စုံမှသာ တက္ကသိုလ်အဖြစ် ဖွင့်လှစ်သင်ကြားသင့်တယ်” ဟု ပြောခဲ့ဖူးသေး၏။
စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးကလည်း “တိုင်းနဲ့ပြည်နယ်အနှံ့ နည်းပညာတက္ကသိုလ်တွေ အများကြီးဖွင့်တယ်။ အရည်အသွေးပြည့်မီတဲ့ ဆရာက မရှိ။ စက်မှုအထက်တန်းကျောင်း အဆင့်တောင်မရှိတဲ့ ကျောင်းကို တက္ကသိုလ်အဖြစ်တက်ရတော့ အရည်အသွေးညံ့တဲ့ ကျောင်းသားတွေပဲ ထွက်လာတာပေါ့။ ဒီကျောင်းတွေကို စက်မှုလက်မှု အထက်တန်းကျောင်းအဖြစ် ပြောင်းလဲဖွင့်သင့်တယ်။ ဖွင့်ထားတဲ့နေရာကလည်း မြို့နဲ့အရမ်းဝေးတော့ ကျောင်းတက်ဖို့ လမ်းမှာတင်အချိန်ကုန်တာ တိုင်းပြည်အတွက် နစ်နာတယ်။ ကျောင်သားတွေရဲ့အပြောအရ သင်တန်းတက်ခဲ့တဲ့ တစ်လျှောက်လုံး လက်တွေ့လုပ်ခဲ့ရတာမျိုး မရှိဘူး။ ဆရာတွေ ရှင်းပြတာကိုပဲ နားထောင် စာကျက်ပြီး စာမေးပွဲဖြေခဲ့ရတာပါလို့ ကြားသိခဲ့ရပါတယ်” ဟု ဆိုသည်။
မည်သို့ဆိုစေ အုတ်၊ သဲ၊ ဘိလပ်မြေ နှင့်ပတ်သက်သည့် မိတ်ဆွေဆရာ၏ ပြောစကား မှန်ခဲ့သည်ရှိသော် အရည်အချင်း၊ အတွေ့အကြုံပြည့်မီသော ဆရာများ၊ စာကြည့်တိုက်များ၊ ခေတ်မီစမ်းသပ် ဓာတ်ခွဲခန်းများ၊ စက်ကိရိယာများ မရှိမပြည့်စုံသော ယင်းနည်းပညာတက္ကသိုလ်ဟုခေါ်နေသော နေရာတို့ကို “နည်းပညာအဆောက်အဦ” ဟူ၍သာ ပြောင်းလဲခေါ်ဆိုသင့်ပြီဟု ဝေဖန်သူများရှိနေပြီ ဖြစ်သည်။
ပညာရေးအထောက်အကူဖြစ်သည့် အဆောက်အဦ၊ လက်တွေ့ခန်းစက်ပစ္စည်းကိရိယာ၊ စာအုပ်စာတမ်းတို့အား ချက်ချင်းလက်ငင်းဖန်တီး၍ ၀ယ်ယူနိုင်သည်ပဲထား သစ်ပင်ကဲ့သို့သော အရည်အသွေးနှင့် အတွေ့အကြုံ ရှိ ၀ါရင့်ကျောင်းဆရာ၊ ဆရာမများ ဆယ်စုနှစ်များစွာ တိုင်းတစ်ပါးသို့ ဦးနှောက်ယိုစီးမှုဖြစ်သွားခဲ့ပြီးသည့်နောက်ပိုင်း ယင်းကွက်လပ်၌ အစားထိုးရန် သစ်ပင်များစွာကို ပျိုးစိုက်ရဦးမည်။ နှစ်ပေါင်းများစွာ ရေလောင်းပေါင်းသင်၍ ထပ်မံစောင့်လင့်ရဦးမည်။
ယခုတလော ထိပ်ပိုင်းပုဂ္ဂိုလ်များ ပြောကြားသော မိန့်ခွန်းအချို့တွင် “ယနေ့လူငယ်များစာတတ်မှ အနာဂတ်တိုင်းပြည် ဖွံ့ဖြိုးမည်”၊ “ပညာတတ်သည့် တိုင်းပြည်ဖြစ်ရေးအတွက် ပညာ၏အခန်းကဏ္ဍကို ပစ်ပယ်ထား၍ မရ”၊ “နိုင်ငံတည်ဆောက်ရေး ရေတို ရေရှည်လုပ်ငန်းများတွင် ပညာရေးကဏ္ဍသည် အဓိကဖြစ်” စသဖြင့် ကြားနေ ဖတ်နေရသည်။ ယခုတော့လည်း ပညာရေးကဏ္ဍသည် တိုင်းပြည်အတွက် အရေးကြီးနေကြပြန်ပါပြီကော။
“ပစ္စည်းတစ်ခုကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြုတ်ဖျက်ဆီးပြီးမှ တစ်စစီကို ကော်နဲ့ ပြန်ကပ်ရင်လည်း အဲဒီပစ္စည်းဟာ အကောင်းပြန်ဖြစ်မလာနိုင်တော့ဘူး။ ဖာထေးရာတွေနဲ့ပဲ ရှိနေမယ်”
ထိုစကားကို စာရေးသူ၏ မိဘများက စာရေးသူ ဘာမှန်းမသိတတ်သေးသော ကလေးအရွယ်တွင် မိဘ၀ယ်ပေးသည့် ကစားစရာတွေ ဖျက်ဆီးပစ်လိုက်တိုင်း ပြောဆိုဆုံးမလေ့ရှိသည့် တန်ဖိုးကြီးစကားတစ်ခွန်းဖြစ်လေသည်။
(ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား တွေ့ရစဉ်)
Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment