(Written by ညီအောင်ညီ)
“ညက ညကို မေ့လျော့နေတဲ့ ည” ဆိုတဲ့ စာသားလေးကို ဒီလိုမိုးတွေရွာတဲ့ညမျိုးမှာ ကျွန်တော် ရွတ်ဆိုမိခဲ့တယ်။ အဲဒီစာသားလေး က ကွယ်လွန်သူစာရေးဆရာ မောင်တင်ဆင့်ရဲ့ စာသားလေးပါ။ ဆရာရဲ့ နှစ်ပတ်လည်နေ့မှာ “ည” နဲ့ပတ်သက်တဲ့ စာတမ်းတစ်ခုကို အမှတ်တရအနေနဲ့ ကျွန်တော်ဖတ်ခဲ့ဖူးပါတယ်။ ဒီနေ့လို မိုးရွာတဲ့နေ့မှာ ”ည” ရဲ့ စာတမ်းတစ်ခုကို ဖတ်ခဲ့ရဖူးတော့ မှတ်မှတ်ရရရှိနေခဲ့တဲ့ “ည” တွေရဲ့အကြောင်းကို မဆီမဆိုင် သတိရလာခဲ့မိတယ်။
ညတွေမှာ ကာဖျူးတွေ၊ ဖမ်းဆီးတာတွေ၊ တားမြစ်တာတွေ၊ ဖြိုခွင်းတာတွေကြောင့် လွတ်လပ်မှုမရှိတော့တာမို့ “သတ်ပုံမှားတဲ့ ည” ဆိုတာ ဖြစ်လာခဲ့တယ်ဆိုပဲ။ သတ်ပုံမှားတဲ့ ခံစားမှုညတွေ ဖြစ်လာတယ် ဆိုပဲ။ အဲဒီကာလတွေမှာ ကျွန်တော်ဟာ ကလေးတစ်ယောက်ဖြစ်နေချိန်မို့ “မလွတ်လပ်မှု” တွေကို အပြည့်အ၀ မသိခဲ့ဘူး။
ကျွန်တော့်ဘ၀တစ်လျှောက် သတ်ပုံမှားတဲ့ညတွေ ပြီးခဲ့ပြီ။ ဒါမှမဟုတ် မရှိတော့ဘူးလို့ တွေးထင်ထားခဲ့ဖူးတယ်။ ဒါပေမဲ့ သက်ပုံမှားတဲ့ညတွေက ရှိနေသေးလေရဲ့။ “၂၀၀၇” ရဲ့ ရွှေဝါရောင်ညတွေ၊ ခုထိ မပြီးဆုံးသေးတဲ့ “လက်ပံတောင်းတောင်” ရဲ့ အဆိုးညတွေ၊ ကျူးကျော်လို့ သတ်မှတ်ထားတဲ့နေရာတွေကို အင်အားသုံးဖြေရှင်းခဲ့တဲ့ မိုးမလင်းတဲ့ညတွေကို မြင်တွေ့၊ ကြားသိနေရတဲ့အချိန်မှာတော့ “ည” ဆိုတာ ပြည်သူတွေရဲ့ မိတ်ဆွေလား၊ အာဏာရှင်တွေရဲ့ မိတ်ဆွေလားဆိုတာကို ကွဲကွဲပြားပြား သိခဲ့ဖူးတယ်။ “ည”ဟာ အသုံးချခံတစ်ခုဆိုတာကိုလည်း နားလည်ခဲ့တယ်။
အခုလည်း မြင်ရ ကြားရပြန်ပြီ။ ညတွေထဲမှာ “မဟာသန္တိသုခ” က ပါလာပြန်ပြီ။ “သန္တိသုခ” ဆိုတာ “ငြိမ်းအေးတဲ့ ချမ်းသာ”။ မဟာဆိုတာ ကြီးကျယ်မြင့်မြတ်တာပေါ့။ ခုတော့ ညရဲ့အောက်မှာ မိုးစက်တွေနဲ့ အတူ မဟာသန္တိသုခဆိုတာ မငြိမ်းအားတော့ဘူး။ မချမ်းသာတော့ဘူး။ မကြီးမြတ်တော့ဘူး။ “ည” က ကျွန်တော်တို့ကို အတွေးတွေပေးသွားတယ်။ ပတ်ဝန်းကျင်ကလူတွေကို တွေးစရာတွေ ပေးသွားတယ်။ “ည” ဆိုတာ အစဉ်အလာဆိုးတွေကို သယ်ဆောင်နေတုန်းပါလား။
စဉ်းစားမိတယ်။ အလင်းမရှိတဲ့ “ည” မှာ အမှန်တရားအတွက် အလုပ် လုပ်ပါ့မလား။ အမှန်တရားအတွက်ဆိုရင် အလင်းရှိတဲ့ “နေ့” မှာလည်း လုပ်ရဲရမှာပေါ့။ ခုတော့ “ည” ဆိုတာ အလှတရားတွေ ဖြိုခွင်းဖို့သတ်သတ် ဖြစ်နေသလိုပဲ။
အကြောက်တရားတွေနဲ့ ခြိမ်းခြောက်ဖို့သတ်သတ် ဖြစ်နေသလိုပဲ။ “ည” ဟာ အသုံးချခံတစ်ခုဖြစ်နေသလိုပဲ။ အခြေအနေတွေ၊ အဖြစ်အပျက်တွေ ပေါင်းစုံထားတဲ့ “ည” တွေဟာ စဉ်းစားစရာတွေ ဖြစ်နေခဲ့ပြီလေ။
လျှို့ဝှက်တဲ့ညအကြောင်းတွေ စဉ်းစားရင်းနဲ့ ရက်စက်တဲ့ညအကြောင်းတွေကိုလည်း သတိရလာခဲ့တယ်။ “ည” ကျောင်းတက်ရတယ်ဆိုတဲ့ လူတချို့ကို သတိရလာတယ်။ (စာသင်ကျောင်းမဟုတ်ပါ။ ကောင်းသောသတိရခြင်းလည်း မဟုတ်ပါ) ညနဲ့စပ်ဆက်ပြီး သတိရခြင်းတစ်ခုသာ။ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးနဲ့ ငြိနေတဲ့သူတွေကို ဖမ်းတဲ့ “ည” တွေကိုလည်း သတိရနေမိတယ်။
နိုင်ငံရေးသမားတွေတင်မကဘူး။ ပြည်သူအများသိထားတဲ့ ပုဒ်မ ၅/ည ဆိုတာကြီးကိုလည်း သတိရလာခဲ့တယ်။ နာဂစ်တိုက်တဲ့ည၊ ရေကြီးတဲ့ည၊ ဧည့်စာရင်းစစ်တဲ့ ည၊ တိုက်ပွဲဖြစ်တဲ့ ည၊ ဗုံးကြဲတဲ့ ည၊ အကြမ်းဖက်တဲ့ ည၊ လူတွေသေတဲ့ ညတွေကိုလည်း သတိရခဲ့တယ်။ မီးပျက်တဲ့ ည။ ကားတွေမှောက်တဲ့ ည ၊ ကားတွေပိတ်တဲ့ ည၊ အင်တာနက်လိုင်းမကောင်းတဲ့ ည၊ ဆန္ဒပြတဲ့ ည၊ ဖုန်းပြောမရတဲ့ ညတွေကိုလည်း သတိရနေခဲ့တယ်။ ညဆိုတာ အကောင်းဆိုတာထက် အဆိုးဆိုတာတွေက ပိုကြီးစိုးနေသကိုးလို့။
ညတွေထဲက အဖြစ်အပျက်တွေကို စဉ်းစားနေရင်း အတွေးတစ်ချက်ကြောင့် နဖူးကိုလက်နဲ့ ရိုက်မိလေရဲ့ “ငါတို့နိုင်ငံက ဒီမိုကရေစီနိုင်ငံပဲလို့” ဒီမိုကရေစီနိုင်ငံထဲမှာ ဒီလိုညတွေ ရှိနေသေးတာ ကောင်းသတဲ့လား။ “ဒီမို- မကရေစီ” တဲ့ ညတွေဟာ ရွံ့စရာ၊ ရှက်စရာ၊ ကြောက်စရာ၊ ရှုတ်ချစရာ ညတွေပါလားလို့။ ဒီလိုညတွေကို ကျွန်တော်မုန်းတယ်။ ပြည်သူတွေလည်း မုန်းတယ်။ ချစ်စရာကောင်းတဲ့ ညတွေကို မုန်းစရာကောင်းအောင် လုပ်နေတဲ့သူတွေကိုလည်း မုန်းတယ်။
အလင်းမရှိသေးတဲ့ အချိန်ကာလကို ကျွန်တော်က “ည”အဖြစ် သတ်မှတ်ပါတယ်။ အဲဒီလို ညတွေကို ခံရသူတွေက မေ့ကြမယ်တဲ့လား။ မြင်ရသူတွေ၊ ကြားရသူတွေကရော မေ့ကြမယ်တဲ့လား။ ဒီလိုညတွေ က မေ့မရတဲ့ညတွေ၊ အိပ်မရတဲ့ ညတွေ၊ ဒေါသနဲ့ ပေါက်ကွဲတဲ့ ညတွေပေါ့။
ငှက်တွေက ကောင်းကင်ကို အားကိုးတယ်။ ငါးတွေက ရေပြင်ကို အားကိုးတယ်။ အားနည်းတဲ့ပြည်သူတွေက ဘယ်သူ့ကို အားကိုးရမှာလဲ။ အားနည်းတဲ့သူတွေရဲ့ အားကိုးစရာက “မင်း” တွေလို့တော့ လောကနီတိမှာ ဖွင့်ဆိုထားလေရဲ့။ ဒီလိုညတွေမှာ အားကိုးရာမဲ့နေတာတော့ ၀မ်းနည်းစရာပေါ့။ ဒီလိုညတွေမှာ လူဆိုးဖမ်းသလို၊ ရန်သူ့စခန်း ၀ိုင်းသလို ပြုမူနေကြတာတော့ ရှက်စရာပေါ့။ ဒီလိုညတွေမှာ ရန်သူစခန်းကို အပြတ်အသတ်ချေမှုန်းနေသလို လုပ်နေကြတာကြီးက ရှက်စရာပေါ့။
ညဆိုတာ တိတ်ဆိတ်တယ်။ ငြိမ်သက်တယ်။ အေးချမ်းတယ်။ စိတ်ငြိမ်တယ်။ လူတိုင်းက ညကိုချစ်တယ်။ မနက်ဖြန်ဆိုတဲ့ နေ့သစ်တွေတိုင်းအတွက် ညခင်းတစ်ခုကို ကျေနပ်စွာလက်ခံကြတယ်။ မနက်ဖြန်တွေများစွာအတွက် ညခင်းမှာ အားမွေးကြတယ်။ လူအားလုံးက “ည” ကို သဘောကျလေရဲ့။
လူတချို့ကတော့ ညကို အသုံးချတယ်။ မှောင်နေတဲ့ညကို ပိုမှောင်အောင်၊ တိတ်ဆိတ်တဲ့ညကို ဆူညံအောင်၊ အေးချမ်းတဲ့ညကို ပူလောင်အောင်လုပ်၍ ညကိုသစ္စာဖောက်ကြလေရဲ့။ လူတချို့ကတော့ ညရဲ့ ကဗျာမဆန်မှု၊ ညရဲ့ ဆန်းကြယ်မှု၊ ည နောက်က လူတချို့ရဲ့ မာယာများမှုများကို အံ့သြပြီး အမှတ်တရရှိခဲ့တဲ့ ဘ၀ရဲ့ညများအဖြစ် နှလုံးသားမှာ ကမ္ပည်းထိုးနေလေရဲ့။
သြော် .... ည .... ည ....ည ရက်စက်တဲ့ ည၊ နာကြည်းတဲ့ ည၊ မေ့မရတဲ့ ည၊ မျက်ရည်ကျတဲ့ ည၊ စိတ်ပျက်တဲ့ ည၊ ကြေကွဲတဲ့ ည၊ ဒီလိုညတွေ ကုန်ပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့။
Aye Chan Mon Credit To: Eleven Media Group
http://
Post a Comment