0


နေပြည်တော်၊ ACM Re-Post 19-6-2014

တရုတ်နှင့် ထိုင်းနိုင်ငံကဲ့သို့သော စက်မှုလုပ်ငန်း ထွန်းကားသည့် နိုင်ငံများကို လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့များ ရောင်းချနေသော မြန်မာနိုင်ငံတွင် လျှပ်စစ်မီး အပြည့်အဝ ရရှိရန် ၁၅ နှစ်ကြာ စောင့်ရမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစိုးရအဖွဲ့ကိုယ်စား ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး အပြည့်အဝ ရရှိနိုင်ရန် ၂၀၃၀-၂၀၃၁ ခုနှစ်အထိ ရေကာတာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

သံလွင်မြစ်ပေါ်တွင် ဆောက်လုပ်ဆဲ ရေကာတာ စီမံကိန်းများနှင့် ပတ်သတ်၍ ကောင်းကျိုး၊ ဆိုးကျိုးများကို ဖြေကြားပေးရန် လောက်ကိုင် မဲဆန္ဒနယ်မှ ဦးကျော်နီနိုင်က ဇွန်လ ၁၁ ရက်တွင် ပြည်သူ့လွှတ်တော်၌ မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ရေအားလျှပ်စစ်၊ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးမှ ယခုဘဏ္ဍာနှစ်တွင် လျှပ်စစ်စွမ်းအား ၄၃၂၆ မဂ္ဂါဝပ်၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၄၉၂၉ မဂ္ဂါဝပ်၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၇၃၉၂ မဂ္ဂါဝပ်၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၁၃၅၂၀ မဂ္ဂါဝပ်အထိ နှစ်စဉ် တပ်ဆင် အသုံးပြုသွားနိုင်ရန် ရည်မှန်းထားပြီး ၂၀၃၀-၂၀၃၁ ခုနှစ်တွင် မဂ္ဂါဝပ် ၂၃၅၉၄ အထိ တပ်ဆင်သွားနိုင်မည် ဖြစ်ကြောင်း၊ ယင်းအချိန်တွင် တစ်နိုင်ငံလုံး လျှပ်စစ်စွမ်းအင် အပြည့်အဝ ရရှိနိုင်မည် ဖြစ်ကြောင်း ဦးမော်သာထွေးက ရှင်းပြသည်။

သံလွင်မြစ်ပေါ်ရှိ ရေကာတာ စီမံကိန်း ငါးခုမှ လက်ရှိတွင် ကွမ်းလုံရေကာတာ စီမံကိန်း အပါအဝင် နောင်ဖ၊ မန်တောင်း (နမ့်ခမ်းမြစ်) စသည့် စီမံကိန်းတို့ကိုပါ လုပ်ဆောင်သွားမည် ဖြစ်ပြီး ယင်းစီမံကိန်း သုံးခုမှ ရရှိမည့် ဓာတ်အား ၁၄၁၂ မဂ္ဂါဝပ်မှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၇ သန်း ရရှိမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် ဟတ်ကြီး၊ ရွာသစ်နှင့် မိုင်းတုံ စီမံကိန်းတို့ကို ထပ်မံတည်ဆောက်ပြီးလျှင် လျှပ်စစ်မဂ္ဂါဝပ် ၁၅၁၉၅ ထွက်ရှိနိုင်ကြောင်း ၎င်းကဆိုသည်။

ဆောက်လုပ်မည့် စီမံကိန်းများကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု (EIA/SIA) အစီရင်ခံစာများနှင့်အညီ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်မည် ဖြစ်ပြီး ပွင့်လင်းမြင်သာစွာ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ကတိပြု ပြောဆိုသည်။

အစိုးရ၏ ဝန်ခံကတိပြုချက်များသည် နိုင်ငံအတွက် ကောင်းမွန်သော မျှော်မှန်းချက်များ ဖြစ်သော်လည်း လွှတ်တော်တွင် ပြောဆိုထားသော ကတိနှင့် ဝန်ခံချက်များကို အမှန်တကယ် ပြုလုပ်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မှတ်ချက်ပြု ပြောကြားသည်။

လက်ရှိ လုပ်ဆောင်ဆဲ ကွမ်းလုံရေကာတာ စီမံကိန်းတွင် ဥပမာအားဖြင့် ကျေးရွာ ၄ ရွာ၊ အိမ်ထောင်စု ၆၄ စု၊ လူဦးရေ ၄၂၈ ဦး၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ခရစ်ယာန်ကျောင်းတစ်ကျောင်းနှင့် စာသင်ကျောင်း တစ်ကျောင်းကို ပြောင်းရွှေ့ပေးခဲ့ရကြောင်း ၎င်းကဆိုသည်။

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top