0


ရန်ကုန်၊ ACM Re-Post 19-6-2014

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က မသုံးစွဲသင့်ကြောင်း ကြေညာထားသော အန္တရာယ်ရှိ အသားဖြူခရင် ကိုးမျိုးကို ပြည်တွင်းဈေးကွက်တွင် ရောင်းချခြင်း ရှိ၊ မရှိ မြို့နယ်အလိုက် စစ်ဆေးသွားမည် ဖြစ်ကြောင်း FDA ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက The Voice သို့ ပြောကြားသည်။

ယခုနှစ် မတ်လက သုံးစွဲရန် မသင့်ကြောင်း ကြေညာထားသော အသားဖြူ ခရင်များ၏ ပါဝင်ပစ္စည်းများကို သက်ဆိုင်ရာမြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီတို့ထံ ပေးပို့ထားပြီး ယင်းကော်မတီမှတစ်ဆင့် ဈေးကွက်အတွင်း လိုက်လံစစ်ဆေးရန် ညွှန်ကြားထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဇွန်လ ၁၇ ရက်နေ့က တောင်တွင်းကြီးမြို့ အလှကုန်ဈေးကွက်အတွင်း အသားဖြူခရင်များကို လိုက်လံစစ်ဆေးရာ အန္တရာယ်ရှိ အသားဖြူခရင် ကိုးမျိုးအနက် သုံးမျိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာကျော်ဆွေက The Voice သို့ ပြောကြားသည်။

ဈေးကွက်အတွင်း တွေ့ရှိခဲ့သော အဆိုပါ အလှကုန်ပစ္စည်း သုံးမျိုးကို သိမ်းဆည်းထားခဲ့ပြီး ကုန်သည်များထံ အသိပညာပေး လုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

“ကုန်သည် ဆိုပေမယ့်လည်း စီးပွားရေးအရ နစ်နာတာပဲ။ နယ်စပ်မှာတည်းက ဒီလိုပစ္စည်းတွေကို ပိတ်ဆို့ထားနိုင်ရင် ပိုကောင်းမယ်” ဟု ဒေါက်တာကျော်ဆွေက ဆက်လက်ပြောကြားသည်။

ပြည်တွင်းအလှကုန် ဈေးကွက်တွင် ထိုင်းနှင့် တရုတ်နိုင်ငံထုတ် ပစ္စည်းများကို အများဆုံး သုံးစွဲကြပြီး ယခုနှစ်ပိုင်းတွင် ထိုင်းနိုင်ငံထုတ် အသားဖြူခရင်များကို ပိုသုံးစွဲလာကြောင်း သင်္ကန်းကျွန်းမြို့နယ်ရှိ အလှကုန် ဆိုင်ရှင်တစ်ဦးက ဆိုသည်။

“လိုက်မသိမ်းခင်တည်းက ဆိုင်တွေကို ကြေညာပေါ့။ ဈေးသည်တိုင်းက သတင်းစာဖတ်တာ မဟုတ်တော့ ကြေညာလည်း မသိဘူး ဖြစ်နေတယ်။ သိမ်းမယ်ဆိုရင် တစ်နိုင်ငံလုံးက ဆိုင်တွေကို လိုက်သိမ်းပါ” ဟု ၎င်းက ပြောကြားသည်။

ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ၂၀၁၄ ခုနှစ် မတ်လတွင် ဈေးကွက်အတွင်းရှိ အလှကုန်ပစ္စည်း ၂၁ မျိုးကို ဝယ်ယူစစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံထုတ် အသားဖြူခရင် ကိုးမျိုးတွင် အန္တရာယ်ဖြစ်စေသော ပါဝင်ပစ္စည်းများ တွေ့ရှိခဲ့သည်။

အန္တရာယ်ရှိ အလှကုန်ပစ္စည်း တံဆိပ်များတွင် Mellano၊ Polla၊ Baschi နှင့် Nineteen Nano 19 တို့ ပါဝင်သည်။

Aye Chan Mon Credit To: The Voice WeeklyChris
http://www.ayechanmon-news1.com/

Post a Comment

 
Top