0

ရန်ကုန်၊ ACM Re-Post 29-5-2014

မြန်မာနိုင်ငံတစ်ဝန်းရှိ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ထူးချွန်စွာ အောင်မြင်သူများ ဆေးတက္ကသိုလ် တက်ရောက်လိုပါက ပညာသင်စရိတ် လိုအပ်ချက်ကို နိုင်ငံရေးအကျဉ်းသားဟောင်းများ အစည်းအရုံးတွင် လာရောက် လျှောက်ထားနိုင်ကြောင်း အဆိုပါ အစည်းအရုံး အတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က ပြောကြားသည်။

ယင်းပညာသင်ဆုအတွက် မည်သူမဆို လျှောက်ထားနိုင်သော်လည်း ပညာသင် ထောက်ပံ့ကြေးအတွက်မူ လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူအပေါ် မူတည်ကာ ဆုံးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

လျှောက်ထားသူများသည် မိဘ သို့မဟုတ် အုပ်ထိန်းသူ လက်မှတ်နှင့် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း ပါရှိပါက ပညာသင်စရိတ် လျှောက်ထားနိုင်ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းအပြင် ပညာရေး ဝန်ကြီးဌာနက အခြေခံပညာ မူလတန်း၊ အလယ်တန်း ကျောင်းသားများအား ကျောင်းလခနှင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ ထောက်ပံ့မှုကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အထက်တန်းအထိ မတိုးမြှင့်ပါက နိုင်ငံရေး အကျဉ်းသားဟောင်းများ အစည်းအရုံး အနေနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင် ထောက်ပံ့ကြေး ပေးရန် စီစဉ်ထားကြောင်း ဦးရဲထွဋ်ခေါင်က ပြောဆိုသည်။

လက်ရှိအချိန်တွင် နိုင်ကျဉ်း အစည်းအရုံးက အကျဉ်းသားဟောင်းများ၏ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများကို မူလတန်းမှ စ၍ တက္ကသိုလ်အထိ ပညာသင်ထောက်ပံ့မှုများ ပံ့ပိုးလျက် ရှိသည်။

Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top