0

ACM Re-Post 3-6-2014
Written by: ဝေလင်းအောင်

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၄ ရပ်ကွက် ငွေစင်လမ်းရှိ အမှတ် ၁၁၁၅ နေအိမ်တစ်အိမ်တွင် အန္တရာယ်ရှိ ပတူကောင်များစွာ ခိုအောင်းနေသောကြောင့် နေအိမ်တွင်နေထိုင်ကြသည့် မိသားစုနှင့် ပတ်ဝန်းကျင်နေထိုင်သူများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ပတူကောင်များမှာ ယင်းနေအိမ်အနောက်ဘက်ရှိ ထင်းရှုးသေတ္တာအဟောင်းထဲတွင် ခိုအောင်းနေခြင်းဖြစ်ပြီး ယင်းအိမ်တွင် နေထိုင်သူများကို ကိုက် (တုတ်) မှုများပြုလုပ်နေသောကြောင့် နေထိုင်သူများမှာ စိုးရိမ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

"အန်တီ့ကိုကိုက်တုန်းက သုံးရက်လောက်ဖောရောင်ပြီး ထုံသလိုလို ကျင်သလိုလိုဖြစ်တယ်။ အခုအိမ်မှာရှိတဲ့ အပေါက်တွေအားလုံးကို သတင်းစာတွေနဲ့ ပိတ်ထားရတယ်။ နေ့ခင်းဘက်ဆိုရင်လည်း ပြတင်းပေါက်တွေအကုန်ပိတ်။ ညဘက်ဆိုလည်း မီးတွေပိတ်ပြီးအိပ်ရတယ်။ မနက်ဆို ရေအိမ်သွားလို့လည်းမရဘူး။ ရေချိုးရင်လည်း အိမ်ပြင်မှာချိုးနေရတယ်။ အိမ်မှာယောက်ျားသားမရှိတော့ ပတူကောင်တွေကိုကြောက်နေရပြီး အသက်အန္တရာယ်အတွက် လုံခြုံမှုမရှိသလိုဖြစ်နေတယ်။ ပတူကောင်တွေကို ဖယ်ရှားပေးဖို့အတွက် အကူအညီလိုအပ်နေပါတယ်" ဟု အဆိုပါနေအိမ်မှ ဒေါ်မူမူက ဇွန် ၂ ရက်တွင် ပြောကြားသည်။

ယင်းကဲ့သို့ ပတူကောင်များရှိနေခြင်းကို ပြီးခဲ့သည့် မေလအတွင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ကို အကြောင်းကြားခဲ့သည့်အခါ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်ငါးဦးက လာရောက်ဆေးဖျန်းခြင်းများပြုလုပ်ခဲ့သော်လည်း မီးသတ်ဝန်ထမ်းနှစ်ဦးမှာ အကိုက်ခံရသောကြောင့် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

"ညဘက်ဆိုရင်လည်း အိမ်ထဲဝင်လာတဲ့အကောင်တွေကို စောင့်သတ်နေရတယ်။ လမ်းသွားလမ်းလာတဲ့သူတွေရယ်၊ ကလေးတွေအတွက်လည်း အန္တရာယ်ရှိနိုင်တဲ့အတွက် သက်ဆိုင်ရာအဖွဲ့စည်းတွေက အမြန်ဆုံးဖယ်ရှားပေးသင့်ပါတယ်" ဟု အဆိုပါနေအိမ်မှ မိသားစုဝင်တစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလအတွင်းက တောင်ဥက္ကလာပမြို့နယ်နှင့် လမ်းမတော်မြို့နယ်တို့တွင် ပတူကောင်အကိုက်ခံရသည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့မှုနှင့် ကလေးငယ်နှစ်ဦး အရေးပေါ်ဆေးကုသခံရမှုများ ဖြစ်ပေါ်ခဲ့သည်။

ပတူကောင်များမှာ ကမ္ဘာတစ်ဝန်း နေထိုင်ကျက်စားလေ့ရှိပြီး ပျား၊ ပုရွက်ဆိတ်များကဲ့သို့ အုပ်စုဖွဲ့အသိုက်အမြုံဆောက်၍ နေထိုင်ကြကြောင်း သိရသည်။ ပတူကောင်တစ်ကောင်၏ အဆိပ်တွင် အဆီတိုင်းကိုလင်း (Acteyl-choline) ငါးရာခိုင်နှုန်းပါဝင်ပြီး ပတူကောင် ၁၀၀၀ အကိုက်ခံရလျှင် လူကြီးတစ်ဦး အသက်ဆုံးရှုံးနိုင်ကာ ပတူကောင် ၅၀၀ အကိုက်ခံရလျှင် ကလေးငယ်တစ်ဦး သေဆုံးနိုင်ကြောင်း ပတူကောင်အကြောင်း ရေးသားထားသည့် စာအုပ်များအရ သိရသည်။

ယင်းနေအိမ်အနောက်ဘက်ရှိ ထင်းရှူးသေတ္တာထဲတွင် ခိုအောင်းနေသည့် ပတူကောင်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

Aye Chan Mon Credit To :Eleven Media Group
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
4

Post a Comment

 
Top