0

ACM Re-Post 3-6-2014

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၏ ခန့်မှန်းခြေမူလသုံးငွေနှင့် အမှန်သုံးစွဲငွေမှာ ကျပ်ဘီလျံ ၁၇၀၀ ကျော် ကွာခြားနေကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ဇွန် ၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ပါရှိခြင်းဖြစ်ပြီး အများဆုံးကွာခြားသည့် အဖွဲ့အစည်းမှာ နေပြည်တော်စည်ပင်ဖြစ်ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေတွင် စုစုပေါင်းအသုံးစရိတ်မှာ ကျပ် ၁၁၆၅၁ ဘီလျံဖြစ်ပြီး အမှန်စာရင်းမှာ ကျပ် ၁၃၄၂၁ ဘီလျံဖြစ်သဖြင့် ကွာခြားငွေမှာ ၁၇၇၀ ဘီလျံရှိကြောင်း၊ မူလခန့်မှန်းခြေ၏ ၁၅ ဒသမ ၂ ရာခိုင်နှုန်းကျော် ဖြစ်ကြောင်း သိရသည်။

ခန့်မှန်းခြေ အသုံးစရိတ်နှင့် အမှန်အသုံးစရိတ်မှာ ၅ ရာခိုင်နှုန်းအောက်သာ ကွာခြားသင့်ကြောင်း ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့မှ သုံးသပ်ထားသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

ကွာခြားရခြင်းမှာ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ လုပ်ငန်းသုံးရင်းနှီးငွေကို ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲခဲ့ခြင်း မရှိသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

ကွာခြားမှုအများဆုံး ၀န်ကြီးဌာနမှာ နေပြည်တော်စည်ပင်ဖြစ်ပြီး ကျပ် ၁၅၆ ဘီ လျံကျော်ပိုသုံးထားသည်။ ဒုတိယအများဆုံး ၀န်ကြီးဌာနမှာ စက်မှုဝန်ကြီးဌာနဖြစ်ပြီး ၁၅၂ ဘီလျံကျော်ပိုသုံးထားသည်။ တတိယ အများဆုံး ၀န်ကြီးဌာနမှာ ဆောက်လုပ်ရေး ၀န်ကြီးဌာနဖြစ်ပြီး ၇၄ ဘီလျံကျော် ပိုသုံးထားကြောင်း သိရသည်။

ဝန်ကြီးဌာန ၂၉ ခု၊ ဗဟိုအဖွဲ့အစည်း ခြောက်ခုတို့သည် ငွေကျပ်သန်းပေါင်းသောင်းချီ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ ပြန်လည်ပေးသွင်းရန် ကျန်ရှိနေသည့်အပြင် ဥပဒေ၊ နည်းဥပဒေဘဏ္ဍာရေး စည်းမျဉ်းများနှင့် မညီသော လုပ်ဆောင်ချက်များကို စစ်ဆေးတွေ့ရှိရကြောင်း ဇန်န၀ါရီ ၂၈ ရက်က တင်သွင်းသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပ ဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေး ၀န်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန ၂၉ ခုသည် ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ၀န်ထမ်းစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်သော လုပ်ဆောင်ချက်များကို စစ်ဆေးတွေ့ရှိရကြောင်း ပါရှိသည်။

ထိုသို့ လုပ်ထုံးလုပ်နည်းနှင့် မညီသော၊ ဥပဒေနှင့်မညီသော ဖြစ်စဉ်အရေအတွက် အများဆုံးဖြစ်ပေါ်ခဲ့သည့် ၀န်ကြီးဌာနမှာ စက်မှုဝန်ကြီးဌာနဖြစ်သည်။

Aye Chan Mon Credit To : Eleven Media Group
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top